Latest Movie :
Home » » “တော်လှန်ရေး” စကားလုံးကြောင့် အပစ်ရပ်မူကြမ်းဆွေးနွေးမှု

“တော်လှန်ရေး” စကားလုံးကြောင့် အပစ်ရပ်မူကြမ်းဆွေးနွေးမှု

{[['']]}
“တော်လှန်ရေး” စကားလုံးကြောင့် အပစ်ရပ်မူကြမ်းဆွေးနွေးမှုတွင် တိုင်းရင်းသားအဖွဲ့များကြား အငြင်းပွားနေ
Saturday, July 26, 2014 7:32 AM
“တော်လှန်ရေး” ဆိုတဲ့စကားလုံးကို ကရင်လို Da Ber Hser(တာပယ်စိုး) လို့ ခေါ်ပါတယ်။ အနှစ်သာရ အဓိပါယ်ဖွင့်ဆိုချက်လည်း တာပါယ်စိုး နဲ့ တော်လှန်ရေး ဆိုတဲ့စကားလုံးအတူတူပါပဲ။ တာကြောင့်မို့ ကရင်တွေနားရှင်းသွားအောင် “တော်လှန်ရေး” ဆိုတဲ့စကားအစား “တာပါယ်စိုး” ဆိုတဲ့စကားလုံးကို ဒီနေရာမှာ သုံးပါမယ်။

ဥပမာ ကရင်လူငယ်တွေ တာပါယ်စိုး ထဲကို ၀င်ကြတယ်။ တိုင်းပြည်နှင့်လူမျိုးအတွက် တာပါယ်စိုးထဲဝင်ပြီး အသက်တွေပေးဆပ်ကြတယ်။ ဒါက ကျနော်တို့  ကညောတာပါယ်စိုး အတွက်၊ ဟိုမှာ တာပါယ်စိုးအဖွဲ့ တွေ ရွာထည့်ကို ၀င်လာပြီ။ အိမ်တအိမ်ကို ဆန်တပုံး တာပါယ်စိုးအတွက် ထည့်ဝင်ကြမယ် စသဖြင့်စသဖြင့်ပေါ့။ ဆင်းရဲသားမုဆိုးမတွေပါမကျန် တာပယ်စိုးအတွက် တာပယ်စိုးအတွက် ဆိုပြီး ပေးကမ်းကြတယ်။ တာပါယ်စိုးဖိုး ဆိုရင်လူတိုင်း ချစ်ကြောက် ရိုသေကြတယ်။ တိုက်ပွဲမှာ တာပါယ်စိုးဖိုးတွေ ကျရင် ကရင်တွေ တိတ်တိတ်ကလေးကြေကွဲငိုနေကြတယ်။ စောဘဦးကြီးက ကရင့် တာပါယ်စိုး မူဝါဒလမ်းစဉ်ကိုချမှတ်ပေးခဲ့တယ်။ ဗိုလ်ချူပ်မြ၊ ပဒိုဘသင်၊ ပဒိုမန်းရှာ တို့ အားလုံးနောက်ဆုံးထွက်သက်အထိ ကညောတာပါယ်စိုး အတွက် ပေးဆပ်ကြတယ်။ အာဇာနည်(မာထူးရာ)တွေက တာပါယ်စိုး ကနေပေါက်ဖွားလာတာ။ “လက်နက်ကိုင်အဖွဲ့ ”တွေက ပေါက်ဖွားလာတာမဟုတ်ဘူး။ ဥပမာ သူခိုး၊ ဓါးပြ၊ အကြမ်းဖျက်သမား၊ သောင်းကျန်းသူ ဒီလူတွေအားလုံး လက်နက်ကိုင်တယ်။ တနည်းအားဖြင့် ဒီလူတွေကို ယဉ်ယဉ်ကျေးကျေးနဲ့ လက်နက်ကိုင်အဖွဲ့ လို့  ခေါ်လို့ ရတယ်။ သေသေချာချာစဉ်းစားကြည့်နော်.. ကရင်တွေအတွက် ပြောတာ.. ကျနော်တို့ ကရင်တွေ တော်လှန်ရေးဆိုတဲ့ စကားအစား တာပါယ်စိုး စကားကို အစားထိုးပြီးပြောကြည့် ခံစားကြည့်ကြပါ။ နှစ် ၆၀ ကျော် တာပါယ်စိုးဆိုတဲ့ စကားဟာကျနော်တို့ ကရင်တွေအတွက် ဘယ်လောက်ကြီးကျယ် နက်ရှိုင်းသလည်း။ ဘယ်လောက်တန်ဖိုးကြီးမားသလည်း၊ သိက္ခာရှိသလည်း။ အနုပညာသမားတွေဆို တာပါယ်စိုးအတွက် ဂုဏ်ယူဝင့်ကြွားစွာ တေးသီချင်းတွေ ရေးဖွဲ့ သီဆိုကြတယ်။ နိုင်ငံတကာရောက်ကရင်တွေလည်း တာပါယ်စိုးကို ထောက်ခံအားပေးတယ်။ အလှူငွေတွေ ထည့်ဝင်ပို့ ပေးကြတယ်။ သောသီခိုအဖွဲ့ သားတွေဟာ အပင်ပန်းခံပြီး ဘလော့တင်ဆက်နေတာ လက်နက်ကိုင်အဖွဲ့ တွေအတွက်မဟုတ်ဘူး.. ကညောတာပါယ်စိုး အတွက်ဘလော့ရေးနေတာ။ စသဖြင့်ပေါ့။

ဒီလိုဆိုရင် အစိုးရနဲ့ သမိုင်းဝင် ငြိမ်းချမ်းရေးလက်မှတ်ထိုးမည့်အချိန်မှာ “တော်လှန်ရေး” “တာပါယ်စိုး” ဆိုတဲ့စကားကို ချန်လှပ်ထားရင် နင်တို့ ငါတို့ တွေ ဘာတွေအတွက်လုပ်နေခဲ့ ကြသလည်း…? ဘာတွေအတွက် ရပ်တည်နေကြသလည်း..?.. အာဇာနည်တွေက သေနတ်ကိုင်တဲ့ ဓါးမြတွေနဲ့  တတန်းတည်း ဖြစ်သွားပြီးလား….. မေးခွန်းပေါင်းများစွာကိုတွေးကြည့်မိပါတယ်….
xxxxxxxxxxxxxxxxx


ကယန်းပြည်သစ်ပါတီမှ တပ်သားတစ်ဦးအား တွေ့ရစဉ်။ (ဓာတ်ပုံ- အောင်ကိုဦး၊ မဇ္ဈိမ)

လိုင်ဇာ၊ မဇ္ဈိမ။ ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမူကြမ်းတွင် “တော်လှန်ရေး” ဟူသည့် စကားလုံး သုံးနှုန်းမည်၊ ပယ်ဖျက်မည်ကို တိုင်းရင်းသားအဖွဲ့များကြား ဆုံးဖြတ်ချက် ချနိုင်ခြင်းမရှိသေးကြောင်း လိုင်ဇာထိပ်သီးအစည်းအဝေး ပထမနေ့အပြီး တက်ရောက်လာသည့် တိုင်းရင်းသား ခါင်းဆောင်များက ပြောသည်။

အခန်း ၇ ခန်းပါ အပစ်ရပ်မူကြမ်းကို ဆွေးနွေးသည့် တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့တွင် ဇူလိုင် ၂၅ ရက်က NCCT အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင်များအစည်းအဝေး ပထမနေ့တွင် အချိန်ယူဆွေးနွေးခဲ့သော်လည်း သဘောထားတစ်ခုတည်းမရသည့်အတွက် ဆုံးဖြတ်ချက်ချနိုင်ခြင်း မရှိခဲ့ခြင်းဖြစ်သည်။

NCCT အဖွဲ့ဝင် တိုင်းရင်းသားအဖွဲ့အစည်း ၁၆ခုမှ ခေါင်းဆောင်ကိုယ်စားလှယ် ၈၉ဦး တက်ရောက်ဆွေးနွေး သည့် ယင်းအစည်းအဝေးတွင် “ထည့်ကိုထည့်ရမယ် ဆိုတဲ့ အဖွဲ့တွေကတော့ အင်မတန်မှ အားကောင်းမောင်းသန် ဆွေးနွေးကြတယ်” NCCT အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းက အစည်းအဝေးအပြီးတွင် ပြောသည်။

သို့သော် “တော်လှန်ရေး” ဟူသည့် စကားလုံးမထည့်ရန် အဖွဲ့အစည်း ၄ခုက ဆွေးနွေးသလို သဘောထားမပေး သေးသည့် အဖွဲ့များလည်း ရှိနေသည်ဟု ၎င်းကဆိုသည်။ သို့သော် မည်သည့် အဖွဲ့များက မထည့်လိုသည်ကို ထုတ်ဖော်ပြောဆိုသေးခြင်း မရှိသေးပေ။

အစိုးရဘက်က “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့” ဟု သုံးနှုန်းလိုပြီး တိုင်းရင်းသားများဘက်က “တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့” ဟူ၍ သုံးနှုန်းလိုခြင်းဖြစ်သည်။

“တိုင်းရင်းသားတွေကတော့ ထည့်ချင်တယ်။ ဒါ ဂုဏ်သိက္ခာပေါ့။ ဟိုဘက်ကလည်း မေတ္တာရပ်ခံတာ မထည့်ပါ နဲ့ပေါ့။ နိုင်ငံတစ်ကာမှာ မျက်နှာပြဖို့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ထို့ကြောင့် အဆိုပါ “တော်လှန်ရေး” ဟူသည့် စကားလုံးကို ထည့်မည်၊ မထည့်မည်ကို NCCT ခေါင်းဆောင် ၁၆ ဦးဖြင့် ဇူလိုင် ၂၄ ရက်က ဖွဲ့ထားသည့် ဦးဆောင်ကော်မတီက ဇူလိုင် ၂၅ရက် ညတွင်ပင် လိုင်ဇာဟိုတယ်၌ စည်းဝေးဆုံးဖြတ်မည်ဖြစ်သည်။

“ဘယ်လိုဆုံးဖြတ်မလဲဆိုတာ ဒီည နည်းလမ်းရှာမယ်” ဟု နိုင်ဟံသာက ပြောသည်။

အဆိုရနှင့် သဘောထားကွဲနေသည့် အဆိုပါ စကားလုံးမှာ “လက်နက်ကိုင်အင်အားစုတွေရဲ့ သိက္ခာ အပေါ်မှာ အများကြီးမူတည်တယ်” ဟုလည်း နိုင်ဟံသာက မှတ်ချက်ပြုသည်။

ကျင်းပဆဲလွှတ်တော်တွင်လည်း တိုင်းရင်းသား လွှတ်တော်အမတ်တစ်ဦး၏ လွှတ်တော်အတွင်း ဆွေးနွေးမှုတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များဟု သုံးနှုန်းခဲ့ခြင်းကြောင့် လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ထိုသို့ မသုံးနှုန်းရန် သတိပေးခဲ့သေးသည်။

ယင်းစကားလုံးကို မထည့်ပါက “ဆွေးနွေးတာ ပိုလွယ်သွားမှာပေါ့။ ဟိုဘက်ကလည်း မထည့်ဖို့ ခနခန ပြောနေတယ်လေ” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောသည်။

၂၀၁၀ ခုနှစ် ဦးသိန်းစိန်အစိုးရ တက်လာပြီးသည့်နောက် လက်နက်ကိုင် တော်လှန်ရေးတွင် ပါဝင်နေကြသည့် တိုင်းရင်းသားလူငယ်များ ကိုင်စွဲထားသည့် လက်နက်များအစား တစ်ကိုယ်ရေသုံး ကွန်ပျူတာ(Laptop) များကိုသာ ကိုင်ဆောင်အသုံးပြုစေရန် ဆန္ဒရှိသည်ဟု သမ္မတဦးသိန်းစိန်က သူ၏အိပ်မက်ကို ထုတ်ဖော် ပြောဆိုထားသည်။

သို့သော် ဦးသိန်းစိန်၏ အစိုးရသက်တမ်း သုံးနှစ်ကျော်လာသော်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်မည့် ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည်အဖော်နိုင်ခြင်းမရှိသေးပေ။
Share this article :

Post a Comment

Contact online

တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger