Latest Movie :
Recent Movies
သံသယများနှင့် ပြည့်နေသော ထားဝယ်စီမံကိန်း
သံသယများနှင့် ပြည့်နေသော ထားဝယ်စီမံကိန်း
ထိုင်းနိုင်ငံသည် ၎င်းပိုင် အက်ဒမန်ကမ်းရိုးတန်းတွင် ဆိပ်ကမ်းတခု တည်ဆောက်တော့မည့် အစီအစဉ်သစ်တခု ရေးဆွဲနေသည်ဟု ကြားသိရသဖြင့် မြန်မာနိုင်ငံ အရှေ့တောင်ဘက် ကမ်းရိုးတန်း ထားဝယ်တွင် ဒေါ်လာ ဘီလီယံပေါင်းများစွာ အကုန်အကျခံ တည်ဆောက်မည့် အကြီးစားစက်မှုဇုန်တခု ဖန်တီးရေးအိမ်မက်ကို အဆုံးသတ်တော့မည်ဟု အရိပ်အမြွက် ပြလိုက်ခြင်းလည်း ဖြစ်နိုင်သည်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခု (ဓာတ်ပုံ - ဧရာဝတီ)
၂၀၀၈ ခုနှစ် မေလတွင် နှစ်နိုင်ငံအစိုးရများအကြား နားလည်မှုစာချွန်လွှာအရ ပထမဦးဆုံးအကြိမ်အဖြစ် သဘောတူခဲ့သည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ ယခုအခါ တဝက်တပျက် ဖြစ်တော့မည်လော။
ရေနံတင်သဘောင်္များအတွက် ဆိပ်ကမ်းများ တည်ဆောက်ခြင်း၊ ရေနံဓာတုပစ္စည်းစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများအပါအ၀င် အဆိုပါ လုပ်ငန်းစီမံချက်သည် ၂၀၁၀ ခုနှစ်နောက်ပိုင်း မြန်မာစစ်အစိုးရက အပြောင်းအလဲများ မလုပ်သည့်အချိန်အထိ တိုးတက်မှုတစုံတရာ မရှိခဲ့ပေ။ အပြောင်းအလဲများလုပ်ခဲ့သည့် နောက်ပိုင်းများတွင်သာ တတိယကြားခံ အဖွဲ့အစည်းများ၏ ငွေကြေးအထောက်အပံ့များ ရလာနိုင်သော အလားအလာ မြင့်တက်လာခဲ့သည်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၏ အဓိကလိုင်စင်ရ လုပ်ငန်းရှင်တခုဖြစ်သော ဘန်ကောက်အခြေစိုက် ဆောက်လုပ်ရေးလုပ်ငန်း အီတလီ-ထိုင်း ဆောက်လုပ်ရေးကုမ္ဗဏီ (Italian-Thai Development  – ITD) က အမေရိကန်ဒေါ်လာ ဘီဘီယံ ၅၀ တန် စီမံကိန်းကြီးကို ထုတ်ဖော်ပြသလိုက်ပြီး PTT ကဲ့သို့သော ထိုင်းအစိုးရပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီးပွားရေးကုမ္ပဏီကြီးများ အပါအ၀င် ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံများမှ ရင်းနှီးမြုပ်နှံမှုများကို စတင်ဆွဲဆောင်ခဲ့သည်။
မြန်မာနိုင်ငံ၏ အိပ်မောကျနေသော အရှေ့တောင်ပိုင်းကျေးလက်ဒေသ စီးပွားရေး ဖွံ့ဖြိုးရေးမှုကို အစဖော်ပေးနိုင်မည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းသည် ခြေမြန်လက်မြန်ဖြင့် အကောင်အထည် ဖော်မည့်ပုံ ရှိခဲ့သော်လည်း ယခုနှစ် ဇန်န၀ါရီလမှစ၍ လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည်။
ဂျပန် စက်မှုလုပ်ငန်းကုမ္ပဏီကြီးများသည် ရုတ်ချည်းဆိုသကဲ့သို့ ရန်ကုန်အနီးတွင် တည်ဆောက်မည့် သီလ၀ါဆိပ်ကမ်း လုပ်ငန်းကို ပိုစိတ်ဝင်စားဟန်ပေါ်နေသည်။
တချိန်တည်းတွင် ထိုင်းအစိုးရသည် ထားဝယ်မြို့တောင်ဘက်ရှိ ပက်ဘရာ (Pak Bara) တံငါရွာလေးအနီး၊ ထိုင်းနိုင်ငံရေပိုင်နက် အက်ဒမန်ပင်လယ်တွင် ဆိပ်ကမ်းတခုတည်ဆောက်ရန် ပြီးခဲ့သည့် ရက်သတ္တပတ်က သဘောတူခွင့်ပြုခဲ့သည်။
အဆိုပါ မမျှော်လင့်သည့် အံ့အားသင့်စရာ အစီအစဉ်သစ်ကို ဗြိတိန်နိုင်ငံမှ Port Strategy  မဂ္ဂဇင်းကြီးက ထိုင်းနိုင်ငံ လမ်းပန်းဆက်သွယ်ရေး ဒုဝန်ကြီး ချက်ချာ့တ် စစ်တီပန့် (Chadchart Sittipunt) ကို ကိုးကား၍ ဖော်ထုတ်ရေးသားခဲ့သည်။
“ပက်ဘရာတွင် တည်ဆောက်ရန် ဆုံးဖြတ်ချက်ကို တွန်းအားဖြစ်စေသည့်အချက်သည် မြန်မာနိုင်ငံတွင် ထားဝယ်ဆိပ်ကမ်း လုပ်ငန်းစီမံကိန်းအတွက် မရေရာမှုများ များလာနေခြင်းကြောင့်ဖြစ်သည်” ဟု Port Strategy မဂ္ဂဇင်းကြီးတွင် ရေးသားထားသည်။
“အကယ်၍ ထားဝယ်စီမံကိန်း ဆက်ဖြစ်သည်ဆိုပါက ပက်ဘရာဆိပ်ကမ်းကို အရန်လုပ်ငန်းတခုအဖြစ် ဆက်ထားပြီး အကယ်၍ ထားဝယ်စီမံကိန်း လုံးဝမဖြစ်တော့ပါက ကုန်းတွင်းပိုင်း အကန့်အသတ်ရှိသည့်တိုင် ပက်ဘရာဆိပ်ကမ်းသည် ထိုင်းနိုင်ငံအတွက် အသုံးဝင်သော ဆိပ်ကမ်းတခု ဖြစ်လာမည်ဟု  ဒုဝန်ကြီး စစ်တီပန့်က ကောက်ချက်ချပြောဆိုခဲ့သည်” ဟု အဆိုပါ မဂ္ဂဇင်းတွင် ဖော်ပြထားသည်။
ထားဝယ်စီမံကိန်း လုပ်ငန်းက ယခုအခါ မြန်မာအစိုးရ မူဝါဒ အပြောင်းအလဲများကြောင့် လတ်တလောတွင် ရပ်ဆိုင်းထားရပြီး လုပ်ငန်းတည်ဆောက်သူများကလည်း ရင်းနှီးမြုပ်နှံလိုသူများ ရှာနေကြောင်း မဂ္ဂဇင်းတွင် ဆက်လက် ရေးသားထားသည်။
အီတလီ-ထိုင်းကုမ္ပဏီသည် ထားဝယ်လုပ်ငန်း စတင်ရန်အတွက် ငွေရှာနေသည့်အချိန်တွင် ထိုင်းအစိုးရနှင့် ပုဂ္ဂလိကဏ္ဍ လုပ်ငန်းရှင်များကမူ စောင့်ကြည်သည့်နည်းလမ်းနှင့် ချဉ်းကပ်နေကြောင်း မဂ္ဂဇင်းတွင် ဒုဝန်ကြီး စစ်တီပန့်ကို ကိုးကား ဖော်ပြထားသည်။
ထားဝယ်လုပ်ငန်း စီမံကိန်း တည်ဆောက်မှု ရပ်တန့်သွားရသည့် အကြောင်းရင်းများတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မည့် အကြောင်းပြချက်ဖြင့် အီတလီ-ထိုင်း ကုမ္ပဏီက တည်ဆောက်မည့် မီဂ္ဂါဝပ် ၄၀၀၀ ထုတ်ပေးနိုင်သော ကျောက်မီးသွေးဓာတ်အားပေး စက်ရုံအား မြန်မာအစိုးရက ပိတ်ပင်ခဲ့သည့် အချက်တချက်လည်း ပါဝင်နိုင်သည်။ ကျောက်မီးသွေးစက်ရုံက ထုတ်မည့် လျှပ်စစ်ဓာတ်အား အများစုကို မြန်မာနိုင်ငံ အရှေ့တောင် ကမ်းရိုးတန်းဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများထက် ထိုင်းနိုင်ငံသို့ ရောင်းချရန် ရည်ရွယ်ထားသည်ဟု နောက်ပိုင်းတွင် သိရှိခဲ့ရသည်။
မကြာသေးခင်က သမ္မတ ဦးသိန်းစိန်၏ ဂျပန်ခရီးစဉ်အတွင်း ရန်ကုန်မြို့ပြင်ရှိ သီလ၀ါဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရေးအတွက် ကုမ္ပဏီကြီးများကို သမ္မတက စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြသခဲ့သဖြင့် အီတလီ-ထိုင်းကုမ္ပဏီ၏ ဆိပ်ကမ်းတည်ဆောက်ရေး အစီအစဉ်များနှင့် ပတ်သက်ပြီး ပို၍ မျှော်လင့်ချက် မဲ့သွားရသည်။
သမ္မတ ဦးသိန်းစိန်သည် ဆူမီတိုမို၊ မစ်ဆူဘီရှီ၊ အီတိုချုနှင့် မာရူဘေနီ ကုမ္ပဏီများမှ ဝါရင့် စီမံခန့်ခွဲသူများနှင့် တွေ့ဆုံခဲ့သည်။ ယခုအချိန်တွင် မာရူဘေနီနှင့် ဆူမီတိုမို ကုမ္ပဏီများမှ ပညာရှင်များသည် မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားပေးစနစ် ပိုကောင်းလာစေရေးနှင့် သီလ၀ါဆိပ်ကမ်း တည်ဆောက်ရေးအတွက် အကောင်းဆုံး လုပ်ဆောင်နိုင်မည့် နည်းပညာအစီရင်ခံစာ ရေးဆွဲရာတွင် ပါဝင်ကူညီပေးရန် ရှိသည်။
“ဖြစ်နိုင်တာက မြန်မာနိုင်ငံရဲ့ အရှေ့တောင် ကမ်းရိုးတန်းဒေသကနေ တချို့ အကျိုးအမြတ်တွေ ရနေသည့်တိုင် ထားဝယ်စီမံကိန်း တည်ဆောက်ခြင်းက ထိုင်းနိုင်ငံအတွက် အကျိုးအမြတ်အများကြီး ရှိနိုင်တယ်ဆိုတာ (မြန်မာအစိုးရက) သိသွားတာလည်း ဖြစ်ကောင်းနိုင်တယ်” ဟု ဘန်ကောက်အခြေစိုက် စွမ်းအင်လုပ်ငန်းအကြံပေး ကော်လင်းရီနယ်က ဧပြီလ ၂၇ ရက်နေ့တွင် ဧရာဝတီသို့ ပြောဆိုခဲ့သည်။
“မြန်မာနိုင်ငံရဲ့ အလားအလာရှိတဲ့ ဧရာဝတီမြစ်ရိုးတလျှောက် စက်မှုလုပ်ငန်းတွေက ထိုင်းနဲ့ အရမ်းဝေးလွန်းတယ်။ ထားဝယ်ကျတော့ ဘန်ကောက် ကုန်သွယ်ရေးဇုန်နဲ့ တော်တော်နီးတယ်။ ထိုင်းကမ်းရိုးတန်း တောင်ဖက်စွန်းမှာ နောက်ထပ် ဆိပ်ကမ်းတခု ထပ်တည်မယ်ဆိုတဲ့ ထိုင်းရဲ့အစီအစဉ်က မဟာဗျူဟာအရတော့ လုံးဝ အဓိပ္ပာယ်မရှိဘူး။ ဖြစ်နိုင်တာက ကျောက်မီးသွေးလောင်စာ ဓာတ်အားပေးစက်ရုံမျိုး မရှိရဆိုတဲ့ ကန့်သတ်ချက်မျိုးကို မြန်မာက ဖယ်ပေးအောင်လုပ်တဲ့ လှည့်ကွက်လည်း ဖြစ်နိုင်တယ်။ သီလ၀ါ ရင်းနှီးမြုပ်နှံမှုကတော မြန်မာနိုင်ငံအတွက် လုံးဝ အဓိပ္ပာယ်အရှိဆုံး လုပ်ငန်းဖြစ်တာတော့ ကျိန်းသေပေါက်ပဲ” ဟု ကော်လင်းရီနယ်က ပြောသည်။
စီးပွားရေးပညာရှင်များစွာ မျှော်လင့်ထားသည့်အတိုင်း မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးမှု ဖြစ်လာမည်ဆိုပါက သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းများကို မြှင့်တင်ရန်အတွက် ခေတ်မီဆိပ်ကမ်းများ လိုအပ်လာပေမည်။ လက်ရှိအခြေအနေတွင် ကွန်တိန်နာအကြီး အနည်းငယ်သာ လက်ခံနိုင်သေးသည်။
ဘင်္ဂလားပင်လယ်အော်တွင် တည်ဆောက်ဆဲ ဆိပ်ကမ်းနှစ်ခုသည်လည်း အကန့်အသတ်ရှိ၍ အလွန် ဝေးကွာလွန်းသည်။ ထိုနှစ်ခုမှာ ဘင်္ဂလားဒေ့ရှ်အနီး စစ်တွေနှင့် ရမ်းဗြဲကျွန်းရှိ ကျောက်ဖြူတို့တွင် ဖြစ်သည်။
ထားဝယ်ဆိပ်ကမ်းသည် ထိုင်းနိုင်ငံတွက် အကျိုးကျေးဇူး ပိုဖြစ်နိုင်သကဲ့သို့ စစ်တွေဆိပ်ကမ်းသည်လည်း အိန္ဒိယ၏ ကုန်တွင်းပိတ်အရှေ့မြောက် ပြည်နယ်များတွင် ပင်လယ်နှင့် ချိတ်ဆက်ရန် လိုနေသည့်အတွက် အိန္ဒိယအတွက် ပိုအသုံးဝင်သည်။ လက်ရှိအချိန်တွင် အိန္ဒိယကုမ္ပဏီများသည် ဆန်တင်ပို့သော ဆိပ်ကမ်းဟောင်းကို ပြန်လည် ပြုပြင်ရေးအတွက် ဒေါ်လာသန်း ၁၂၀ ခန့် ရင်းနှီးမြှုပ်နှံထားကြသည်။
ကျောက်ဖြူဆိပ်ကမ်း ဆိုသည်မှာလည်း တရုတ်နိုင်ငံက သူ၏ ကုန်တွင်းပိတ် အနောက်တောင်ဒေသများဆီသို့ အိန္ဒိယသမုဒ္ဒရာအားဖြတ်၍  မြန်မာနိုင်ငံကို ပိုက်လိုင်းချိတ်ဆက်အဖြစ် အသုံးပြုကာ ရေနံတင်ပို့လိုသော တရုတ်အစိုးရ၏ ဆန္ဒရင်းအမှန်သာ ဖြစ်သည်။
“အတိအကျပြောရရင် ထားဝယ်ဆိုတာ ထိုင်းဇတ်လမ်းတပုဒ်ဖြစ်ခဲ့တယ်။ ဖြစ်နေတယ်။ ဒါကြောင့် အဲဒီအတွက် စိတ်ဝင်စားမှု မရှိတော့ဘူးဆိုရင် ဒီလုပ်ငန်းဟာ ဆက်ရှိနေဖို့ အကြောင်းမရှိတော့ဘူး” ဟု သြစတေးလျနိုင်ငံ မက်ကွာရေးတက္ကသိုလ်မှ မြန်မာ့စီးပွားရေးကျွမ်းကျင်သူ ပါမေက္ခ ရှောင် တာနယ်က ဧပြီလ ၃၀ ရက်နေ့က ဧရာဝတီသို့ ပြောဆိုခဲ့သည်။
သို့သော် ထားဝယ်ဒေသအား ဒေသတွင်းဆုံရပ်တခုအဖြစ်သို့ ရောက်ရှိရန် ရည်ရွယ်ထားပြီး ထိုမှတဆင့် မြန်မာနိုင်ငံသည် အိန္ဒိယ၊ တရုတ်နှင့် ဗီယက်နမ်ကဲ့သို့သော အဓိက အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကူးသန်းရောင်ဝယ်မှု ကွန်ရက်အတွင်းသို့ အလိုက်သင့်ပါဝင်သွားနိုင်သည်ဟု ထိုင်းများက အခိုင်အမာ ပြောနေဆဲဖြစ်သည်။
ထားဝယ်တွင် အကြီးစားဆိပ်ကမ်းတခု ရှိနေခြင်းသည် မဲခေါင်ဒေသ စီးပွားရေးကုန်သွယ်မှုလမ်းကြောင်းများ ပေါ်ပေါက်ရေး အစီအစဉ်နှင့် အလွန်လိုက်ဖက်သည်ဟု ထိုင်းနိုင်ငံ၏ အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု ဘုတ်အဖွဲ့ ပြောဆိုသည်။
အိပ်ပျော်နေသော ထားဝယ်မြိုနှင့် ထိုင်းဘက်မှ ကန်ချရဘူရီသို့ ဆက်သွယ်ပေးထားသော အသစ်စက်စက် လမ်းတခု ဖောက်လုပ်ပြီးသွားပြီဖြစ်သည်။ သို့သော် အီတလီ-ထိုင်းကုမ္ပဏီ အကြီးအကဲ ပရမ်ချိုင်း ကန်နဆူတ မျှော်မှန်းထားသည့်အတိုင်း ရှစ်လမ်းသွား အဝေးပြေးလမ်းမနှင့် အမြန်မောင်း မီးရထားလမ်း ဖြစ်ရန်အတွက်မူ ဖြစ်နိုင်ခြေ အလွန်နည်းနေသည်။
အစိုးရပိုင် ရေနံလုပ်ငန်း ကုမ္ပဏီကြီး PTT အုပ်စု၊ ထိုင်းအစိုးရက ၄၅ ရာခိုင်နှုန်းပိုင်သော ရပ်ခ်ျဘူရီ လျှပ်စစ်ထုတ်လုပ်ရေးဦးပိုင် အပါအ၀င် အီတလီ-ထိုင်းကုမ္ပဏီနှင့် ၎င်း၏ ထိုင်းစီးပွားဖက် ကုမ္ပဏီများက မေလ သို့မဟုတ် ဇွန်လတွင် ပြန်လည်ပြင်ဆင်ထားသော ဆုံးဖြတ်ချက်များကို လူသိရှင်ကြား ထုတ်ဖော်မည်ဟု ပြောဆိုထားသည်။
{[['']]}
ညီနောင်တိုင်းရင်းသားပါတီတည်ထောင်ဖို့ စည်းရုံးလှုပ်ရှား
ညီနောင်တိုင်းရင်းသားပါတီတည်ထောင်ဖို့ စည်းရုံးလှုပ်ရှား
ချင်း၊ ရခိုင်၊ မွန်၊ ကရင် စတဲ့ တိုင်းရင်းသားပါတီ အသီးသီးနဲ့ စုဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသား ပါတီကြီးတစ်ခုကို အခု ၆ လအတွင်း တည်ထောင်နိုင်ဖို့ စည်းရုံးလှုပ်ရှားမှုတွေ စတင်ဆောင်ရွက်နေပြီလို့ ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က RFA ကို ဒီကနေ့ အတည်ပြု ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ညီနောင်တိုင်းရင်းသားပါတီများ စုပေါင်းကျင်းပသည့် ၆၅ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား "Nationalistic Brotherhood ပါတီဆိုပြီး ထွက်လာပါလိမ့်မယ်။ အဲဒီဟာကတော့ ရှိတဲ့ တိုင်းရင်းသားအားလုံးပေါ့ဗျာ၊ ပါတီအသေးလေးတွေ အကုန်လုံးစုပေါင်းပြီးတော့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းထဲကို အဲဒီပါတီကြီးတစ်ခုအနေနဲ့ ဝင်ပြီးတော့ အလုပ်လုပ်ဖို့ရှိတယ်။ အဓိက ကတော့ ကျွန်တော်တို့ တိုင်းရင်းသား အရေးအရာနဲ့ ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီကလည်း ဘာမှလုပ်မပေးနိုင်ဘူးပေါ့ဗျာ။ နောက်ရော NLD တို့၊ တစည တို့ဆိုတာကလည်း ကျွန်တော်တို့လောက် လုပ်နိုင်မယ်မထင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တိုင်းရင်းသား အရေးအရာ ကိစ္စတွေ အားလုံးအတွက် တိုင်းရင်းသားတွေ ဦးဆောင်ပြီး ဖွဲ့စည်းထားတဲ့ ပါတီတွေကသာလျှင် ကျကျနနကိုင်တွယ်ပြီးမှ လုပ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့က ယုံကြည်ပါတယ်"
အဲဒီိညီနောင် တိုင်းရင်းသားပါတီကြီးဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ပြီးနောက် တိုင်းရင်းသား တန်းတူညီမျှ အခွင့်အရေးရရှိအောင် ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။
လောလောဆယ် ချင်းတိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့အနေနဲ့ ချင်းအမျိုးသားပါတီနဲ့ ချင်းတိုးတက်ရေးပါတီတို့ကို မေလ (၁၁) ရက်နေ့က ပူးပေါင်းလိုက်ပြီလို့ ဦးဇိုဇမ်က ပြောပါတယ်။
ဒီအတောအတွင်း တိုင်းရင်းသား ပါတီတွေအပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တချို့ဟာ အခုမေလ ၁၂ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ANU သြစတြေးနိုင်ငံ အမျိုးသား တက္ကသိုလ်မှာ နိုင်ငံရေးခေါင်းဆောင်မှုပညာ သင်တန်းသွားရောက် လေ့လာဆည်းပူးကြမယ်လို့ သိရပါတယ်။
အဲဒီ သြစတြေးလျနိုင်ငံက နိုင်ငံရေးသင်တန်း သွားတက်ကြမယ့်သူတွေထဲမှာ ချင်းအမျိုးသားပါတီက ဦးဇိုဇမ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဦးဦးလှစော၊ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက ဒေါက်တာသန်းငြိမ်း၊ ဒီမိုကရက်တစ်ပါတီ မြန်မာက ဒေါ်သန်းသန်းနုနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ဦးသိန်းထွန်းတို့ ပါဝင်တယ်လို့ သိရပါတယ်။
RFA သတင်းဌာနမှကူးယူဖော်ပြသည်။
{[['']]}
မြန်မာနိုင်ငံက ပါတီခေါင်းဆောင် ၅ ဦး သြစတြေးလျနိုင်ငံသွားမည်
မြန်မာနိုင်ငံက ပါတီခေါင်းဆောင် ၅ ဦး သြစတြေးလျနိုင်ငံသွားမည်
သြစတြေးလျနိုင်ငံ Center for Democracy Institution က စီစဉ်ဆောင်ရွက်ပြီး ကမ်ဘာရာမြို့တော်ရှိ သြစတြေးလျ အမျိုးသားတက္ကသိုလ်မှာ ကျင်းပမယ့် နိုင်ငံရေးပါတီခေါင်းဆောင်များ နှီးနှောဖလှယ်ပွဲကို မြန်မာနိုင်ငံက နိုင်ငံရေး ပါတီခေါင်းဆောင် အနည်းဆုံး ၅ ဦး တက်ရောက် ဆွေးနွေးမယ်လို့ သတင်းရရှိပါတယ်။
ဒီ နှီးနှောဖလှယ်ပွဲကို အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)၊ တစညပါတီ၊ ချင်းအမျိုးသားပါတီနဲ့ ရခိုင်အမျိုးသား တိုးတက်ရေးပါတီက ခေါင်းဆောင်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
နှီးနှောဖလှယ်ပွဲကို မေလ ၂၁ ရက်ကနေ ၂၅ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ခေါင်းဆောင်တွေအပြင် အာဆီယံနိုင်ငံ ၃ နိုင်ငံက နိုင်ငံရေးပါတီ ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။
သြစတြေးလျအမျိုးသားတက္ကသိုလ် နှီးနှောဖလှယ်ပွဲမှာ ဆွေးနွေးမယ့် အကြောင်းအရာနဲ့ ပတ်သက်ပြီး ဒီမိုကရက်တစ် (မြန်မာပြည်) ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်သန်းသန်းနုက အခုလိုပြောပါတယ်။
" သူတို့ကတော့ ကိုယ့်ရဲ့ပါတီနဲ့ ပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေ၊ ကိုယ့်ရဲ့ပါတီရဲ့လိုအပ်ချက်တွေ ဘာတွေရှိနေသလဲ၊ လုပ်ရကိုင်ရတာ စည်းရုံးရေးအတွက် ဘာတွေအခက်အခဲရှိနေသလဲ၊ အဲတာမျိုးတွေ တင်ပြဆွေးနွေးဖို့ပေါ့။ ဘာကြောင့်လဲ ဆိုတော့ တခြားနိုင်ငံကလာမှာလည်း အဲဒီလိုပဲ၊ အမြင်ချင်း ဖလှယ်ကြမယ်ပေါ့နော်။ အဲ ပြီးတဲ့အခါကျတော့ ကိုယ့်နိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခြေအနေပေါ့။ ကျွန်မတို့ဆီမှာကတော့ ပြောစရာလေးတွေ အများကြီးရှိတာပေါ့လေ၊ ဘာကြော့င်လဲဆိုတော့ အခု ကျွန်မတို့ကအပြောင်းအလဲ၊ အဲဒီအပြောင်းအလဲက လက်တွေ့မှာ ပြည်သူတွေက ဘယ်လောက်ထိ ခံစားနေရသေးသလဲ၊ ဘာကြောင့်လဲဆိုတော့ ဒီပြည်သူတွေက အခုချိန်ထိဆိုရင် သူတို့ကအပြောင်းအလဲမှာ သူတို့တကယ် အကျိုးမခံစားရသေးဘူးပေါ့။ အဲဒီဥစ္စာတွေကို ကျွန်မတို့က ဆွေးနွေးတင်ပြရမှာပေါ့"
နိုင်ငံရေးပါတီ ခေါင်းဆောင်တွေဟာ မေလ ၁၈ ရက်နေ့ မြန်မာနိုင်ငံက ထွက်ခွာကြမှာဖြစ်ပြီး အဲဒီထဲမှာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ဒေါက်တာသန်းငြိမ်း၊ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) က ဒေါ်သန်းသန်းနု၊ တစညပါတီက ဦးသိန်းထွန်း ၊ ချင်းအမျိုးသားပါတီက ပူးဇိုဇမ်၊ ရခိုင်အမျိုးသား တိုးတက်ရေးပါတီက ဦးလှစောတို့ တက်ရောက်မှာ ဖြစ်ပါတယ်။
{[['']]}
နွားကျောင်းသားလေး ကျနော် “တာဘုခလီး”
နွားကျောင်းသားလေး ကျနော် “တာဘုခလီး”
ပဋိပက္ခတွေကြားက မတူညီတဲ့ ကလေးတွေရဲ့ ဘ၀တွေကို ဆောင်းပါးအဖြစ် ရေးသားတင်ဆက်ပေးခြင်း ဖြစ်ပါတယ်။
စောခါးစူးညား (ကေအိုင်စီ)
မြန်မာပြည်ရဲ့ ကျေးလက်တောရွာတွေမှာ ကျောင်းနေချင်လျက် အနေခက်ပြီး ကျောင်းထားလျက်နဲ့ ကျောင်းမနေချင်တဲ့ အနာဂတ် ရင်သွေးငယ်လေးတွေ ခုချိန်မှာ မရေမတွက်နိုင်အောင်ပါပဲ။ အထူးသဖြင့် လူနည်းစု တိုင်းရင်းသားတွေ နေထိုင်တဲ့ဒေသတွေမှာဆို လူကြီးတွေနဲ့အတူ လယ်ထဲဝင်ကူနေရသလို၊ နွားကျောင်းနေရသူတွေ၊ မောင်ညီမအငယ်လေးတွေ ထိန်းပြီး အိမ်မှာချက်ပြုတ်နေရတဲ့ ကလေးတွေအထဲမှာ “တာဘုခလီး”ဆိုတဲ့ ကရင်ကလေးငယ်တစ်ဦးလည်း အပါအ၀င် ဖြစ်ပါတယ်။
ကျွဲ၊ နွားတွေစားဖို့ မြက်ရှားပါးတဲ့ နွေကာလမှာ နီညိုရောင် နွားထီးတစ်ရှဉ်း(နှစ်ကောင်)ကို ရှေ့က တစ်ကောင်မောင်းပြီး နောက်က တစ်ကောင်ကို ဆွဲလာနေတဲ့ ကလေးငယ်လေးကတော့ ဗမာလို “ကုသိုလ်မျိုးစေ့”လို့ အနက်အဓိပ္ပါယ်ရတဲ့ “တာဘုခလီး”ဆိုတဲ့ အမည်နဲ့ ကရင်ကလေးငယ်လေးတစ်ဦးဖြစ်ပါတယ်။ အသားလေးညိုညိုနဲ့ မျက်နှာမှာ သောကကင်းမှုဟာ ပူပြင်းတဲ့ နွေနေဒဏ်ကို အံတုနေပါတယ်။
သူဟာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက အိမ်ခြေ ၂၀၀နီးပါးရှိတဲ့ ပယာရော(မြစ်ကျိုး) ဆိုတဲ့ ကရင်ရွာက အသက် ၉နှစ်သာရှိသေးတဲ့ နွားကျောင်းသားလေးဖြစ်ပါတယ်။ ရွာအနောက်ဘက်ကနေ အရှေ့ဘက်ကိုဖြတ်ပြီး အဲဒီနွားနီညိုတစ်ရှဉ်းနဲ့ နေ့တိုင်း အလုပ်ရှုပ်နေတတ် တဲ့ သူဟာ အသက်အရွယ်နဲ့ မမျှအောင် ဒီနွားတစ်ရှဉ်းအတွက် မြက်ကောင်းကောင်းရှိမဲ့နေရာ လိုက်ရှာပြီး ထိန်းကျောင်းနေရရှာတဲ့ ကုသိုလ် မလှပတဲ့ အပြစ်မဲ့ကလေးငယ်တစ်ယောက်ပါပဲ။
“နွားကျောင်းတာ ပျော်တယ်။ နွားကျောင်းရင် ထမင်း၀၀ စားရတယ်လေ။”လို့ တာဘုကလီးက အဲဒီလို ပြောပါတယ်။ သူဟာ နွေရာသီ ကျောင်းပိတ်ချိန်မှာ မိသားစုပိုင် နွားတွေကို ထိန်းကျောင်းပေးနေတာ မဟုတ်ပါဘူး။ တကယ်တော့ ဒီကလေးဟာ ငယ်စဉ်ကတည်းက စာသင်ကျောင်းကို တခါမှ မတက်ခဲ့ဘူးတဲ့အပြင် ထမင်းနပ်မှန်ဖို့အတွက် သူတစ်ပါးရဲ့ နွားကိုကျောင်းပေးနေရင်း အိမ်နဲ့ဝေးကွာနေသူ ဖြစ်ပါတယ်။
ကျောင်းနေရတဲ့ ခံစားချက်၊ အရသာ၊ အကျိုးကျေးဇူးကို တခါဘူးမှ မသိခဲ့တဲ့ တာဘုကလီးက “ကျနော် ကျောင်းမတက်ဘူး။ တက်လည်း မတက်ချင်ဘူး။ ကျောင်းတက်လည်း ထမင်းစားရတယ်။ ကျောင်းမတက်လည်း ထမင်းစားရတယ်။ အလုပ်လုပ်ရင် ပိုကောင်းတယ်လေ။” လို့သာ ပြောနေပါတယ်။
မိဘနှစ်ပါးစလုံးက ကျောင်းမနေခဲ့ဘူးသလို လက်ရှိမှာ ဆင်းရဲတဲ့ မိသားစုဆိုတော့ သားသမီးတွေကို ကျောင်းနေစေလိုတဲ့ ဆန္ဒရှိပေမယ့် လက်တွေ့မှာ မလွယ်ကူလှပါဘူး။ ဖခင်ဖြစ်သူဟာ ဘုန်းကြီးကျောင်းမှာ နေထိုင်ဖူးတဲ့အတွက် စာအနည်းငယ် ဖတ်တတ်ပေမဲ့ မြေမြုပ်မိုင်း ထိမှန်ထားသူမို့ ချိုင်းထောင့်တစ်ဖက်၊ ခြေတုတစ်လှည့်နဲ့ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရသူ ဖြစ်ပါတယ်။
သားဖြစ်သူ တာဘုခလီး အခုလို သူများဆီမှာ နွားသွားကျောင်းတာ သူတို့မိသားစုအတွက် တာဝန်ပေါ့ပါးသေးတယ်လို့ ဖခင်ဖြစ်သူက “သူများ(နွားရှင်)နဲ့ သွားနေရတာ အိမ်ကို ပြန်တောင်မလာဘူး။ သူ အဲဒီမှာနေတာ ပျော်တယ်လို့ ပြောတယ်။ သူ ကောင်းကောင်းနေရရင် တော်ပါပြီ။ ကျနော်တို့အတွက်လည်း မိသားစု ၀န်ထုပ်ဝန်ပိုး နည်းနည်း လျော့တာပေါ့။”လို့ ပြောပါတယ်။
မိခင်ဟာလည်း ငယ်ငယ်တုန်းက ကျောင်းနေချင်တာ မိဘတွေက ကျောင်းမထားတော့ တခါတလေ ကျောင်းတက်ချင်လွန်းလို့ မိဘတွေ ထိန်းခိုင်းတဲ့ မောင်ငယ်လေးကို ကျောကုန်းပိုးပြီး ဘုန်းကြီးကျောင်းမှာ စာသင်နေတာကို သွားကြည့်ခဲ့ရတာပါ။ ဒါကို မိဘတွေက သူမကို တုတ်နဲ့ ရိုက်ခဲ့တဲ့အကြောင်း ခုလို ပြန်ပြောပြပါတယ်။
“ကျမ ကံမကောင်းခဲ့ဘူး။ မိဘက မိန်းခလေးဆိုရင် ကျောင်းနေစရာ မလိုဘူး။ အိမ်အလုပ်နဲ့ ချက်တတ်၊ ပြုတ်တတ်ရင်ရပြီ။ အခုကျတော့ လည်း ကိုယ့်ကလေးတွေကို ပညာတတ်စေချင်ပါတယ်။ ကလေးတွေက ကျောင်းမနေချင်ကြဘူး။ ကိုယ့်မှာလည်း စားဝတ်နေရေး သိပ်အ ဆင်မပြေတော့ အတင်းအကြပ်လည်း ကျောင်းမတက်ခိုင်းတော့ဘူးလေ။”လို့ ဆိုပါတယ်။
ဒီလို အတန်းပညာ မတတ်မြောက်ခဲ့တဲ့ တာဘုကလီးရဲ့ မိဘတွေဟာ လယ်ယာစိုက်ပျိုးရေးအပြင် အခြားကြုံရာ ကျဘမ်းအလုပ်တွေနဲ့ အသက်မွေးဝမ်းကျောင်းနေရပါတယ်။ မိဘနှစ်ပါး အပါအ၀င် အိမ်သားပေါင်း ၈ယောက်ရှိတဲ့ တာဘုခလီးတို့ရဲ့ မိသားစုထဲမှာ သူ့အထက် က အစ်ကိုတစ်ယောက်ထဲ တတိယတန်းအထိ မနှစ်က ကျောင်းနေခဲ့ပေမဲ့ လာမဲ့နှစ်မှာ ကျောင်းဆက်တက်ဖို့ ငွေကြေး အဆင်မပြေလှပါ ဘူး။ ကျန်တဲ့ အကို၊ အမတွေလည်း ကျောင်းမနေဘဲ အလုပ်လုပ်နေကြတာမို့ မောင်နှမထဲက ၅ယောက်မြောက်ဖြစ်တဲ့ တာဘုခလီး ကျောင်းနေမပျော်တာက မဆန်းသလို ဖြစ်နေပါတယ်။
စားဝတ်နေရေး မပြေလည်တဲ့ မိဘတွေ အခက်အခဲကြောင့် တာဘုခလီးဟာ သူများကို နွားသွားကျောင်းပေးဖို့ ဆုံးဖြတ်ခဲ့ဟန်ရှိသလို နွားပိုင်ရှင်ဟာ သူ့အပေါ် ကောင်းတယ်။ ချစ်တယ်ဆိုတဲ့အပေါ်မှာ သူပျော်မွေ့နေတာလည်း ဖြစ်ပါတယ်။ တခါတခါ မုန့်စားရရင် သူ့မျက်နှာက ပြုံးပြီး “ကျနော့်ဦး(နွားရှင်)က ၀ယ်ကျွေးတယ်လေ။ စားလို့ကောင်းတယ်။ သူတို့နဲ့ နေရတာပျော်တယ်။”လို့ ပြောပါတယ်။
ဘ၀ကို ကြမ်းတမ်းလား၊ ခတ်ထန်လား မသိသေးတဲ့ တာဘုကလီးဟာ ရွာဘေးက လယ်ကွင်းလေးတခုထဲမှာ ဟောင်းနွမ်းနေတဲ့ လွယ်အိတ်လေးလွယ်ရင်း လေးဂွတစ်လက်နဲ့ ခမောက်မပါ ဟိုဒီလျှောက်သွားပြီး နွားတွေ ထိန်းကျောင်းနေရတာကို ဗိုက်ဝဖို့အရေး လုပ်ရတာမို့ ပျော်နေပါတယ်။ ရွာထဲက ကျောင်းနေတဲ့ သူ့သူငယ်ချင်းတွေက ကျောင်းပိတ်ရက်မို့ တခါတလေ သူနွားကျောင်းရာ ကွင်းထဲကို လာလည်ပြီး အဖော်လုပ်နေပေမဲ့ သူဟာ စာမတတ်လို့ အားငယ်ရမှန်း မသိဘဲ ပြုံးပျော်နေတတ်ပါတယ်။
အခုလို စာသင်အရွယ်မှာ ကျောင်းမနေရတဲ့ ကလေးငယ်တွေဟာ ပယာရောရွာမှာ တာဘုကလီးတယောက်တည်း မကပါဘူး။ ဘ၀တူ နွားကျောင်း၊ လယ်၊ တောင်ယာ စတဲ့ ပင်ပင်ပမ်းပမ်း အလုပ်လုပ်နေရတဲ့ ကလေးတွေ အများကြီးဟာ လက်ရှိမှာ ကျောင်းမနေသူတွေပါ။ မိန်းကလေးတွေဆိုရင် အိမ်အလုပ်၊ ကလေးထိန်း စတဲ့အလုပ်တွေသာ လုပ်တာများပါတယ်။ ဒီရွာမှာ အခြေခံပညာ အလယ်တန်းကျောင်း ၇တန်းအထိ ရှိပါတယ်။ ရွာအလယ်တန်းကျောင်းမှာ အောင်မြင်သွားတဲ့ အချို့ကလေးတွေက သထုံ၊ ဘီးလင်း၊ ကျိုက်ထိုနဲ့ ရန်ကုန်မြို့ တွေမှာသွားပြီး ပညာဆက်သင်ကြရပါတယ်။
ဒါပေမယ့် ပယာရောရွာမှာတော့ အခုချိန်ထိ ဆယ်တန်း(အထက်တန်း)အောင်မြင်ပြီး တက္ကသိုလ် တက်နိုင်တဲ့သူဟာ ၁၀ယောက်အထက် မရှိပါဘူး။ ဒါတွေအားလုံးဟာ အဓိက စားဝတ်နေရေးပြဿနာကြောင့် ပညာရေးကို ထိရောက်အောင် ဆုံးခန်းတိုင် မတတ်နိုင်တဲ့သူတွေပဲ များပါတယ်။ ဒီလို အသိပညာ၊ အတတ်ပညာ မဖွံ့ဖြိုးသေးတဲ့ ပယာရောလို ရွာမျိုးမှာ ကလေးသူငယ်တွေ၊ လူငယ်တွေ ပညာမသင်နိုင် တာဟာ ဒီဒေသ၊ ဒီတိုင်းပြည်ရဲ့ အနာဂတ်အတွက် ရင်လေးစရာပါ။
မိဘတတ်နိုင်ပါလျက်နဲ့ ကျောင်းနေမပျော်တဲ့ ကလေးတွေ၊ ကျောင်းနေချင်လျက်နဲ့ မိဘက ငွေကြေးမတတ်နိုင်သူတွေ၊ မတတ်နိုင်တဲ့ မိဘတွေက ကျောင်းတက်ဖို့ မတိုက်တွန်းလို့ ကျောင်းမနေချင်တဲ့ကလေးတွေ။ ဒီလို အလုပ်ကြမ်းနဲ့ ဘ၀ကြမ်းတွေကို တပြိုင်နက်တည်း ရင်ဆိုင်နေရတဲ့ ကလေးတွေဟာ ဘ၀ရှေ့ရေးအတွက် သူတို့ရဲ့ မျှော်လင့်ချက် အိပ်မက်ကလည်း ဆီမီးခမ်းခြောက်လို့ အရောင်မှိန်တဲ့ မီးအိမ်လေးလို မှုန်ပျပျသာ ရှိနေပါတယ်။
ဒါကြောင့် အရွယ်ရောက်လာရင် ရတဲ့အလုပ်လုပ်ပြီး မိဘကို လုပ်ကျွေးမယ်လို့ တာဘုခလီး ပြောလိုက်တာက “ကျနော်ကြီးလာရင် မိဘကို လုပ်ကျွေးမယ်လို့ မျှော်လင့်ထားတယ်။ အခု ငယ်သေးတော့ ထမင်း၀၀ စားရဖို့ နွားပဲ ကျောင်းအုံးမယ်” ဆိုတာပါပဲ။
မြန်မာပြည်မှာ အလယ်တန်း၊ အထက်တန်းတွေကို မိဘဆရာအသင်းကြေး၊ အားကစားနဲ့ စာကြည့်တိုက်ကြေး၊ တနှစ်စာကျောင်းလခ ကြေးတွေ ပါဝင်တဲ့ ကျောင်းနေကုန်ကျစရိတ်အဖြစ် ကျပ်ငွေ ၁၅၀၀ကနေ ၂၀၀၀ကျပ်အထိသာ ကောက်ခံဖို့ လက်ရှိ အစိုးရရဲ့ ပညာရေး ၀န်ကြီးဌာနက သတ်မှတ်ထားပေမဲ့ မူလတန်းကိုတော့ အခမဲ့ ပညာရေး သင်ကြားခွင့်ပေးထားတယ်လို့ ဆိုပါတယ်။ တကယ့်လက်တွေ့နဲ့ ပြဌာန်းချက်က ကိုက်ညီမှုရှိမရှိကိုတော့ ကိုယ်တိုင် ရင်ဆိုင်နေရသူ ကျောင်းသားမိဘတိုင်း သိနားလည်ကြမှာပါ။
သို့သော် လိုအပ်နေတာတခုက ကလေးသူငယ်တွေကို ပညာမသင်မနေရ စနစ်မျိုး၊ ပညာမသင်ကြားနိုင်သူတွေကို အစိုးရက ဘယ်လို နည်းလမ်းနဲ့ ထောက်ပံ့ပေးသွားမယ် ဆိုတာမျိုးတွေသာ တရားဝင် ပြဌာန်းထားမယ်ဆိုရင် ကျောင်းမနေတဲ့ ကလေးတွေအရေအတွက်ဟာ လျော့နည်းပျောက်ကွယ်လာပြီး တိုင်းပြည်တိုးတက်မှု လမ်းစပေါ်ပေါက်လာမှာ သေချာပါတယ်။
{[['']]}
သူနဲ့ကျနော်
သူနဲ့ကျနော်
သူနဲ့ကျနော်နဲ့
မယ်လ FSP ကျောင်းမှာ
စတင်တွေ့ကြ ပေါင်းသင်းကြရင်း
ရင်းနှီးခင်မင်ခဲ့ကြတယ်။
လကုန်ရင်သူကခေါ်လို့
ဘီယာဆိုင်သို့သွားဘို့
အကြောင်းဖန်လာတယ်။
လကုန်ရင်သူကမခေါ်လို့
ကျနော်ကလက်တို့
ဘီယာဆိုင်သို့သွားဘို့
အကြောင်းဖန်လာပြန်တယ်။
ရင်းနှီးပေါင်းဖော်၊ ခင်မင်သော်လည်း
သူနဲ့ကျနော်ကြား
ကွာခြားချက်ကအများသား။
ဥပမာ
သူကသွားခေါခေါ
ကျွန်နော်ကခန့်ချော (မယုံမရှိနဲ့)
သူကအသားမဲမဲနှုတ်ခမ်းမွှေးကားကား
ကျနော်ကဗိုက်ရွှဲရွှဲ သနားကမား (ဟဲဟဲ)
သူကအိန္ဒိယမှဘီအေ
ကျွန်တော်ကရွာဦးကျောင်းမှာ အသုံးလုံးမကြေ
သူက တလ လေးထောင်စား
ကျနော်ကတနှစ်မှသုံးထောင်သမား
သူကကျောင်းသွားရင်ဆိုင်ကယ်နဲ့
ကျနော်ကညှပ်ဖိနပ် ကျွဲတဖက်နွားတဖက်။
သူနဲ့ကျနော်ကြား
ကွာခြားချက်ကအများသား
ဒါပေမဲ့ သူနဲ့ကျနော်နဲ့
တူညီတဲ့အချက်၊ တခုတော့ရှိလေရဲ့....
အဲဒါကဘာလဲဆိုတော့
ကျနော့်ခမျာ
မူးမူးနဲ့ပြန်လာ၊ အိမ်အရောက်မှာ
ကျနော့်မိန်းမက၊ အသံပြတ်ပြတ်နဲ့
“အနားလာမကပ်နဲ့၊ အိမ်ရှေ့မှာသွားအိပ်” တဲ့။
သူ့ခမျာ
မူးမူးနဲ့ပြန်လာ၊ အိမ်အရောက်မှာ
သူ့ဆရာမက၊ အသံပြတ်ပြတ်နဲ့
“အနားလာမကပ်နဲ့၊ ဖိနပ်ချွတ်မှာသွားအိပ်” တဲ့.. ကဲ။
ဒီလိုနဲ့
သူနဲ့ကျနော်နဲ့၊ ပေါင်းဖက်
လကုန်ရက်မျှော်လျက်၊ တရက်ပြီးတရက်…..။
{[['']]}
လေနီကြမ်း
လေနီကြမ်း
တီးနိုး (သဝေါတား)
၁၉၉၁ ခုနှစ် တခုသောနွေဦးကာလ…။
တရိပ်ရိပ်တိုးမြင့်လာတဲ့ကုန်ဈေးနှုန်းကြောင့် မိသားစုစားဝတ်နေရေးပြေလည်ဘို့အတွက် မြိတ်မြို့ကိုအလုပ်လုပ်ဘို့ ကျနော်ထွက်ခဲ့ရတယ်။ လွမ်းမောဖွယ်ရာအဲသည်နေ့ကအဖြစ်အပျက်တွေကို ကျနော်ယနေ့အထိသတိရမြင်ယောင်နေဆဲပါ။
ခြောက်နှစ်တာကာလအတွင်းတခါမှမခွါခဲ့ဖူးတဲ့မိသားစုနဲ့ ပထမဦးဆုံးအကြိမ်ခွဲရမှာမို့လားမပြောတတ်၊ ယောက်ျားတန်မဲ့ကျနော်မျက်ရည်တွေဝေခဲ့ရတယ်ဗျာ။ ကျန်းမာရေးသိပ်မကောင်းတဲ့ဇနီးသည်နဲ့ဥမမယ် စာမမြောက်သေးတဲ့သမီးငယ်ကို စိတ်အားတင်းပြီးနှုတ်ဆက်ပါလျက် ကျနော့်အသံတွေကသိသိသာသာတုန်ရီနေပါတယ်။
“နှစ်လထက်ပိုမကြာစေနဲ့နော်အကို၊ ဒီမှာကသန်းသန်းနဲ့အကို့သမီးလေးနှစ်ယောက်ဘဲကျန်နေတာ..” 
စကားကိုပင်ဆုံးအောင်မပြောနိုင်ရှာဘဲအသံတွေတိမ်ဝင်ပျောက်ကွယ်သွားတဲ့ဇနီးသည်လေးရဲ့အဖြစ်ကိုနားလည်စာနာစွာကြည့်ရင်းစိတ်မကောင်းကြီးစွာဖြစ်ခဲ့ရတယ်။
“ကိုယ်သိပါတယ်သန်းရယ်၊ အကိုလည်းဖြစ်နိုင်ရင်မိသားစုနဲ့ဘယ်ခွဲနေချင်ပါ့မလဲ” “အင်းပါ၊ ဒါတွေသန်းနားလည်ပါတယ်။ ကဲ.. သွားတော့အကို၊ ဟိုမှာအကို့အဖော်တွေ စောင့်နေကြပြီ၊ အားနာစရာကြီး”
သွားတော့လို့သာ သူကပြောလိုက်တာပါ။ တကယ်တော့ ကျနော့်ဇနီးသည်ရဲ့ပါးပြင်ပေါ်မှာလည်း အလွမ်းမျက်ရည်စကလေးတွေနဲ့ပါဗျာ။
(၂)
ဗမာပြည်တောင်ပိုင်းတနင်္သာရီတိုင်းရဲ့ ညနေဆည်းဆာပင်လယ်ကမ်းခြေရှုခင်းအလှတွေကတော့ လှချင်တိုင်းအတောမသတ်လှနေကြတော့တာပါဘဲ။ ဒါပေမဲ့အလွမ်းဓာတ်ခံရှိနေတဲ့ ကျနော့်လိုလူယောက်အဖို့ ပင်လယ် ကမ်းခြေရဲ့အလှရှုခင်းများဟာ မခိုင်ယိမ်းနွဲ့နေတဲ့ ကျနော့်ရဲ့နှလုံးသားများကိုတော့ နှိပ်စက်ကလူပြုနေသလိုပါဘဲဗျာ။
“မိသားစုစားဝတ်နေရေးအဆင်မပြေလွန်းလို့သာပါသန်းရယ်၊ မင်းနဲ့သမီးလေးဌေးဌေးကို ကိုယ်စက္ကန့်နဲ့အမျှ သတိရနေလျက်ပါကွာ..”
ညနေရီပင်လယ်ရေမျက်နှာပြင်အပေါ်မေးတင်နေတဲ့ နီဝါ၀ါနေမင်းကြီးကိုလှမ်းမျှော်ငေးမောကြည့်ရင်း ကျနော်တယောက်ထဲအသံတိတ် ရေရွတ်နေမိတယ်။ အဲဒီတုံးမှာဘဲ မမျှော်လင့်ဘဲ အမှတ် ၁၁၇ ကင်းလှည့်စစ်ရေယာဉ်ဟာ ကျနော်တို့ကုန်တင်စက်လှေလေးရဲ့နဘေးကို လျှင်မြန်စွာချဉ်းကပ်လာပြီး စစ်သားများကကျနော်တို့ရဲ့လှေကလေးအပေါ်တက်၊ စက်လှေမှာပါလာတဲ့ကုန်ပစ္စည်းများကို မွှေနှောက်ရှာဖွေတော့တာပါဘဲ။ စိတ်ကြိုက်မွှေနှောက်ရှာဖွေပြီးတဲ့နောက်မှာတော့ ဘာမှမဟုတ်တဲ့အကြောင်းပြချက်နဲ့ ငါးပိ၊ ငါးခြောက်၊ ပဲဝါခြမ်းစတဲ့ကောင်းရောင်းကောင်းဝယ်ကုန်များသာတင်ဆောင်လာတဲ့ ကျနော်တို့ရဲ့စက်လှေကလေးကို မတရားပုဒ်မတပ်ပြီးအရေးယူဖမ်းဆီးလိုက်တော့တာပါဘဲ။
(၃)
တို့မိသားစုကံမကောင်းပါဘူးသန်းသန်းရယ်၊ တကယ်လို့သာ ဒီသတင်းကိုကြားရင် မင်းတို့သားအမိနှစ်ယောက် ဘယ်လောက်များဗျာများလိုက်လေမလဲနော်။ မသိလိုက်တာဘဲကောင်းပါတယ်လေ။ လောလောဆယ်မင်းနဲ့သမီးလေး ကိုယ့်အတွက်စိတ်မပူရဘူးပေါ့နော်။ မြိတ်မြို့ရဲစခန်းမှာ ကျနော်တို့အဖွဲ့(၁၇) ရက်ကြာခဲ့တယ်။ ကျနော်တို့အမှုကိုရုံးတင်စစ်ဆေးတော့ အဖော် (၉)ယောက်ထဲက ငွေပေးနိုင်တဲ့(၆)ယောက်ကိုပြန်လွှတ်လိုက်ပြီး မပေးနိုင်တဲ့ စံသိန်းရယ်၊ ကျော်မြင့်ရယ်၊ ကျနော်ရယ်သုံးယောက်ကိုတော့အပြစ်ရှိတယ်ဆိုပြီး အလုပ်ကြမ်းနဲ့ထောင်ဒဏ် (၅)နှစ်စီ ချလိုက်တော့တာပါဘဲဗျာ။ ကျန်းမာရေးမကောင်းတဲ့ဇနီးသည်သန်းသန်းနဲ့ သမီးလေးရဲ့သနားစရာမျက်နှာလေးတွေကိုမြင်ယောင်ပြီး သိပ်စိတ်မကောင်းဖြစ်ရတာကလွဲလို့ ကျနော်ဒီထက်ပိုပြီးဘာများလုပ်နိုင်တော့မလဲဗျာ။
(၄)
ထောင်ဒဏ်(၅)နှစ်အတွင်း မြိတ်မြို့အကျဉ်းထောင်ကနေ (၆.၃.၉၆) ရက်နေ့မှာ ကျနော့်ကို ယင်းငြိမ်ရဲဘက်ကျောက်စခန်းကို ပို့လိုက်တယ်။ အဲဒီယင်းငြိမ်ရဲဘက်ကျောက်စခန်းမှာဘဲ ကျနော့်ရဲ့ညာဖက်ခြေထောက်တဖက်ဟာ လမ်းမလျှောက်နိုင်တော့ဘဲ ချိသွားခဲ့ရတယ်။ ထောင်ဝါဒါများရဲ့စိတ်မထင်ရင်မထင်သလို မဆင်မခြင်ရိုက်နှက်မှုတွေကြောင့်ပါ။ ယင်းငြိမ်ရဲဘက်ကျောက်စခန်းမှာ (၅)လတာအလုပ်ကြမ်းလုပ်ခဲ့ရပြီး၊ အဲဒီကနေတဆင့် (၅.၇.၉၆) ရက်နေ့မှာကျနော့်ကိုကရင်ပြည်နယ် ဘားအံဝန်ဆောင်သို့ပို့လိုက်ပြန်တယ်။ ဘားအံရောက်ပြီးသုံးပတ်အကြာမှာ တပ်မ (၃၃) ခလရ (၁၂၀) တပ်ရင်းနဲ့အတူ ကရင့်တော်လှန်ရေးနယ်မြေတပ်မဟာ (၇)ဘက်ကိုပေါ်တာထမ်းဖို့ဆိုပြီး ကျနော့်ကိုခေါ်သွားပြန်ရောဗျာ။ ခြေထောက်ကမသန်၊ ထမ်းရတဲ့ဝန်ကလည်းအားနဲ့မျှဆိုတော့ ပေလေးထောင်ကျော်မြင့်တဲ့ဒေါနတောင်တန်းခရီးကြမ်းတလျှောက် လမ်းမှာကျနော်ခဏခဏလဲကျလို့စိတ်မရှည်တဲ့ (သူတို့ကိုယ်သူတို့ ပြည်သူကိုချစ်တဲ့ပြည်သူ့တပ်မတော်သားလို့ဆိုတဲ့) ဗမာစစ်သားတွေကကျနော့်ကို မကြားဝံ့၊ မနာသာတဲ့စကားလုံးတွေနဲ့ တချိန်လုံးဆဲဆိုတော့တယ်။ နာကျင်မှုဒဏ်ရာတွေကရိုးတွင်းချဉ်ဆီအထိပါဘဲဗျာ။ ဒီလိုနဲ့တောထဲတောင်ထဲမှာ သုံးပတ်တိတိပင်ပင်ပန်းပန်းပေါ်တာထမ်းရင်း အရေးထဲအရာပေါ်ဆိုသလို တောင်ပေါ်ငှက်ဖျားတက်ပါလေရောဗျာ.. ကဲ။
ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာဆိုတာ ငါ့ကိုများရည်ညွှန်းပြီးဖြစ်လာတဲ့စကားပုံများလားလို့တောင်တခါတခါ မချင့်မရဲစဉ်းစားရင်း အစိုးရအပေါ်နာကျည်းတဲ့စိတ်ရိုင်းများကလှိုင်းထလာရပြန်တယ်။ ဆေးမှူးဆီဆေးသွားတောင်းသောက်ပြန်တော့..
“မင်းတို့အတွက်ဆေးအပိုတွေမပါဘူးကွ၊ မင်းတို့ကိုဒေါက်တာပေါက်တူးကကုပေးလိမ့်မယ်” 
လို့ကြိမ်းမောင်းလွှတ်လိုက်တာဘဲရှိတယ်။ မေတ္တာတရားခေါင်းပါးမှုတွေကြောင့်နောက်ဆုံးတော့..
“မထူးဘူးကွာ၊ ဒီမှာဆက်နေရင်လဲသေမဲ့အတူတူ စွန့်စားပြီးတော့ပြေးတာကမှကောင်းဦးမယ်” ဆုံးဖြတ်ချက်နဲ့အတူ တနေ့မှာတော့ကျနော်တို့စစ်ကြောင်းတောင်ပေါ်ကရင်ရွာငယ်လေးတရွာအရောက်၊ ရွာထဲမှာခေတ္တ၀င်နားနေတုံး အခွင့်ကောင်းယူပြီး ကောက်ရိုးပုံဟောင်းတခုအောက်မှာ တနေကုန်ဝင်ပုန်းနေလိုက်တယ်။
ညနေပိုင်းစစ်ကြောင်းတွေထွက်သွားကုန်တော့မှ ကောက်ရိုးပုံအောက်ကပြန်ထွက်လာတယ်။ ကရင်ရွာလူကြီးကိုရှင်းပြအကူအညီတောင်းတော့ စေတနာနဲ့ကျနော့်ကိုကူညီကြတယ်။ ကရင်ရွာသားများရဲ့အကူအညီကြောင့် ကေအဲန်ယူတပ်မဟာ(၇) တပ်ရင်း (၂၂) တပ်ခွဲမှူးဗိုလ်ကြီးစောခိုင်တို့ တပ်ခွဲဆီနွေးထွေးစွာကျနော်ရောက်လာခဲ့ပါတယ်။ ဗိုလ်ကြီးစောခိုင်တို့ရဲ့တပ်ခွဲကိုရောက်မှဘဲ ဆေးဝါးလုံလုံလောက်လောက်နဲ့ ကုသစောင့်ရှောက်ပေးမှုကြောင့် ဆယ်ရက်အတွင်း ကျနော်ထူထူထောင်ထောင်ပြန်ဖြစ်လာခဲ့ရတယ်။
(၅)
“ကျနော့်ဇာတ်လမ်းလေးကတော့ ဒါပါဘဲဗိုလ်ကြီးစောခိုင်ရယ်”
“အေးဗျာ၊ ခင်ဗျားအကြောင်းကြားရတာစိတ်မချမ်းသာစရာဘဲ။ ဒါနဲ့.. အခုကိုဝင်းမြင့်ရဲ့ဇနီးနဲ့သမီးလေးရော ဘယ်လိုနေထိုင်လို့ ဘယ်လိုများလုပ်ကိုင်စားသောက်နေတယ်ဆိုတာကိုရော..”
“ကျနော်လည်းဒီမေးခွန်းရဲ့အဖြေကိုဘဲ သိချင်နေတာပါ။ ကျနော်အိမ်ကစထွက်လာကတည်းက အခုထိဆိုရင် ငါးနှစ်တောင်ကျော်ခဲ့ပါပြီ။ ဒီကာလတလျှောက်လုံး အိမ်နဲ့လုံးဝကြီးကိုအဆက်အသွယ်ပြတ်သွားတော့တာပါဘဲဗျာ”
“ကျနော်ခင်ဗျားအပေါ်ကိုယ်ချင်းစာပါတယ်။ အခုကိုဝင်းမြင့်တို့မိသားစုတွေ့ကြုံခံစားရသလို ကျနော်တို့တိုင်းပြည်ရဲ့ တနံတလျား မှာရှိတဲ့ ပြည်သူလူထုတချို့တွေလည်း ဒီလိုလူမှုဒုက္ခမျိုးတွေကို ခါးသီးစွာခံစားနေကြရတာ ကမ္ဘာ့လူထုတွေအသိပါဘဲ။ ဒီစစ်အစိုးရအုပ်ချုပ်နေသရွေ့ကတော့ ကျနော်တို့ပြည်သူလူထုတွေ ဒီလိုဒုက္ခ၀ဲသြဃထဲကနေ ဘယ်တော့မှလွတ်မြောက်နိုင် ကြတော့မှာမဟုတ်ဘူးကိုဝင်းမြင့်ရေ။ ဒီအာဏာရှင်စစ်အစိုးရ မင်းဆိုးမင်းညစ်တွေ ပြုတ် သွားပါမှဘဲ ပြည်သူလူထုတွေ ကြုံတွေ့ခံစားနေရတဲ့ ဒုက္ခဆင်းရဲခြင်းအမျိုးမျိုးက လွတ်ကင်းနိုင်ကြတော့မှာပါ”
“ဗိုလ်ကြီးတို့ရဲ့ကျေးဇူးကျနော့်အပေါ်ကြီးမားလွန်းတယ်ဗျာ။ ခုလိုသာဗိုလ်ကြီးတို့ဆီကိုရောက်မလာဘူးဆိုရင်၊ ခုလောက်ဆိုသူတို့ဆေးမှူးတွေပြောသလို ဒေါက်တာပေါက်တူးလည်း ကျနော့်ကိုဆေးကုပေးလောက်ပြီပေါ့။ ခုတော့ဗိုလ်ကြီးတို့ကကျနော့်ကို ဆယ်ရက်ကျော်ကျော်စေတနာအပြည့်နဲ့  ဆေးကုပေးလို့သာ ပြန်လည်နေကောင်ထူထောင်ခဲ့ရတာပါ။ ကရင့်တော်လှန်ရေးသမားတွေရဲ့ မေတ္တာကျေးဇူးတရားတွေကို ကျနော်တသက်မမေ့ပါဘူးဗျာ”
“ဒါတွေကအကြောင်းမဟုတ်ပါဘူး။ တိုင်းရင်းသားအချင်းချင်းယိုင်းပင်းကူညီရမှာ၊ ဒုက္ခရောက်နေတဲ့လူသားတိုင်းကိုကူညီရမှာဆိုတာဟာ လူသားတိုင်းရဲ့တာဝန်တွေပါ။ ကဲ.. ကိုဝင်းမြင့်ရေ ကျနော်တို့စကားကောင်းနေလို့ကတော့မပြီးသေးဘူး။ မနေ့က ကျနော်မှာထားတဲ့ ကိုဝင်းမြင့်ကိုပြန်ပို့ပေးမယ့် လမ်းပြလည်းရောက်လာပြီ။ သူက ကိုဝင်းမြင့်ကို ဒီကနေကွမ်းဘီရွာလို့ခေါ်တဲ့ ကရင်ရွာအထိပြန်ပို့ပေးမယ်။
ကွမ်ဘီကိုရောက်ရင် မြင်းလှည်းစီးပြီးလှိုင်းဘွဲမြို့ကိုဆက်သွားရမယ်။ လှိုင်းဘွဲမြို့ကိုရောက်ရင်တော့ ခင်ဗျားဖာသာကားရှာစီးပြီး ဘားအံမြို့ကိုသွား၊ ဘားအံကနေတဆင့် ခင်ဗျားဇာတိမုံရွာကိုဆက်ပြန်ပေတော့။
 မသန်းသန်းနဲ့ သမီးလေးဌေးဌေးကို ကျန်းကျန်းမာမာနဲ့ ပြန်တွေ့နိုင်ပါစေလို့ ကျနော်ဆုတောင်းပေးလိုက်ပါ့မယ်။ ကဲ.. သွားပေတော့ ကိုဝင်းမြင့်ရေ..”
(၆)
 တောင်ပေါ်ကရင်တိုင်းရင်းသားလမ်းပြနောက်ကိုလိုက်လာရင်း ခရီးအတော်လေးရောက်တော့မှ လာရာလမ်းရဲ့အနောက်ဘက်ကို ကျနော်ပြန်ပြီးလှမ်းမျှော်ကြည့်လိုက်မိတယ်။ တိုင်းရင်းသားကရင်လူးမျိုးများရဲ့ဌာနေ၊ အရှေ့ရိုးမခေါ် ပြာနှမ်းနှမ်းဒေါနတောင်တန်းကြီးကတော့ကျနော့်ရဲ့အနောက်ဘက် ဟိုး.. အဝေးကြီးတနေရာဆီမှာ လွမ်းမောဖွယ်ရာကျန်ရစ်ခဲ့ရှာပြီလေ။
“ကရင်တိုင်းရင်းသားများအားလုံး ကျန်းမာချမ်းသာကြပါစေ။ ၄င်းတို့ဆင်နွှဲနေတဲ့ ကရင့်တော်လှန်ရေးကြီးလည်း အမြန်ဆုံးအောင်မြင်နိုင်ပါစေ။ စိန္ဒေမြတ်ဘုရားရှေ့မှာ ကျနော်အမြဲဆုတောင်းပေးနေပါ့မယ်ဗျာ..” “ကျနော့်နှလုံးသားရဲ့နက်ရှိုင်းလှတဲ့ရင်တွင်းတနေရာဆီက လေးလေးနက်နက်ဆုတောင်းပေးလိုက်တဲ့ ဆုတောင်းသံကိုတော့ဖြင့် ကရင့်တော်လှန်ရေးသမား ဗိုလ်ကြီးစောခိုင်တယောက်ကြားနိုင်မှာ မဟုတ်တော့ပါ..။
တီးနိုး (သဝေါတား)
{[['']]}
မြန်မာနိုင်ငံရဲ့ အနောက်တံခါး တကယ်ကျိုးပျက်သွားပြီလား(၁)
မြန်မာနိုင်ငံရဲ့ အနောက်တံခါး တကယ်ကျိုးပျက်သွားပြီလား(၁)
ရခိုင်လူထုကဓါးတောင်လူတန်းစေ့မကိုင်နိုင်ဘဲ ၀ါးချွန်တွေကိုင်ပြီး ကိုယ့်တိုင်းပြည်ကာကွယ်ရေး ၊ ကိုယ့်အသက်ကိုယ် ကာကွယ်ရေးလုပ်နေစဉ်မှာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေက..
အဆိပ်အတောက်မီဒီယာ
ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အမှန်ကိုအမှန်အတိုင်းမဖော်ပြဘဲ စကားလုံးတွေကို လိမ်မာပါးနပ်စွာသုံးရင်း ဘာသာရေး အဓိကရုဏ်းဖြစ်အောင်တွန်းပို့ နေတဲ့ တိုင်းပြည်သစ္စာဖောက်မီဒီယာတွေရဲ့ လုပ်ရပ်တွေဟာရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအကြမ်းဖက်အုပ်စုတွေလိုပါဘဲ မြန်မာနိုင်ငံအတွက် သိပ်အန္တရာယ်ကြီးမားပါတယ် ။ ရခိုင်ပြည်ကိုအခြေခံပြီး မြန်မာတနိုင်ငံလုံး တညီတညွတ်တည်း ဘာသာရေးအဓိကရုဏ်းဖြစ်စေချင်တဲ့ ဖြစ်လိုတဲ့ဆန္ဒဟာရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ အလိုချင်ဆုံး အလိုအပ်ဆုံး အခင်းအကျင်းဖြစ်တယ် ။
အဲဒီအခင်းအကျင်းကိုဖန်တီးဖို့  ပြည်တွင်းထဲမှာရော ပြည်ပမှာပါ မီဒီယာတွေကိုအသုံးချရမှာဖြစ်တယ်ဆိုတာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေကကောင်းကောင်းနားလည်တယ်။ ဒါကြောင့် မြန်မာလိုလွှင့်တဲ့ ပြည်ပမီဒီယာတွေဟာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေအတွက် အရမ်းလိုအပ်တဲ့ လက်နက်တစ်ခုဖြစ်တာကြောင့် ငွေတွေကို ဒလဟော ပုံအောပေးခဲ့တယ် ။ တိုင်းပြည်သစ္စာဖောက်လောက်အောင်အထိ ငွေတွေကိုပုံအောစေခဲ့တယ်။
 ဒီတော့ ပြည်ပမီဒီယာအချို့ ဟာရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေလိုပါဘဲ တိုင်းပြည်ရဲ့အန္တရာယ်ဖြစ်တယ်ဆိုတာ မီးမောင်းထိုးပြဖို့ လိုအပ်လာတယ် ။ ဒီအတွေးတွေကို ပြည်တွင်းထဲကတိုင်းပြည်ကိုရိုးသားစွာချစ်တဲ့လူထုတွေ ကောင်းကောင်းကြီးနားလည်တယ်ဆိုတာ သူတို့ ဆန္ဒပြပွဲတွေက သက်သေထူနေတယ် ။ တကယ်တော့ သစ္စာဖောက်မီဒီယာတွေဟာ တိုင်းပြည်အတွက် အဆိပ်အတောက်တွေဖြစ်တယ်ဆိုတာပြောချင်တယ် ။
ဘာသာရေးအဓိကရုဏ်းနှင့် တိုင်းပြည်ဖဲ့ထုတ်ရေး
ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့ ပန်းတိုင်ဟာ မြန်မာနိုင်ငံကိုဖဲ့ထုတ်ရေးဖြစ်တယ်။ ဖဲ့ထုတ်လို့ ရရင် သီးခြားနိုင်ငံဖြစ်ချင်ဖြစ်မယ် သို့ မဟုတ် အခြားမူဆလင်နိုင်ငံတစ်ခုနဲ့ ပူးပေါင်းချင်ပူးပေါင်းလိမ့်မယ် ။ အဓိကပန်းတိုင်ကတော့ တိုင်းပြည်ဖဲ့ထုတ်ရေးဖြစ်တယ် ။ အဲဒီလိုဖဲ့ထုတ်ရေးကြိုးပမ်းမှုတွေအောင်မြင်ရေးအတွက် ဘာသာရေးအဓိကရုဏ်းဖြစ်ပေါ်ရေးဟာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေအတွက် အရမ်းလိုအပ်တဲ့ ဗျူဟာတခုဖြစ်တယ် ။ ဘာကြောင့် ဘာသာရေးအဓိကရုဏ်းလိုအပ်သလဲဆိုတော့ မူဆလင်နိုင်ငံတွေဆီက ဘာသာရေးအပေါ်မှာ ရပ်တည်မှုပေးလာမှာကို ကြိုတင်သိထားလို့ ဖြစ်တယ် ။ တနည်းအားဖြင့် မွတ်ဆလင်နိုင်ငံအချို့နဲ့ သဘောတူညီချက်တွေ လည်းရှိတယ်လို့ ပြောနိုင်တာတွေရှိတယ်။ တစ်ဘက်မှာလည်း အယ်လ်ကိုင်ဒါလိုအကြမ်းဖက်အဖွဲ့ အစည်းတွေနဲ့ ဆက်နွှယ်ရာမှာ ဘာသာရေးဖိနှိပ်ခံရတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ချဉ်းကပ်ထားမှုတွေဟာ လက်တွေ့ ပြလို့  ရမှာဖြစ်တယ်။
အထူးသဖြင့်ကတော့ ဦးရာဇတ်တည်ဆောက်ခဲ့တဲ့ မြန်မာမွတ်ဆလင်တွေ တိုင်းပြည်အပေါ် သစ္စာစောင့်သိမှုတံတိုင်းကြီးကို ဖြိုလှဲပစ်ချင်တယ်။ အဲဒီတံတိုင်းကြီးကို ဖြိုလဲပစ်ရေးရဲ့ အဓိကသော့ချက်ဟာ ဘာသာရေးအဓိကရုဏ်းဖြစ်တယ် ။ ဒါကြောင့် ရခိုင်ပြည်ကအဖြစ်အပျက်ကို ရန်ကုန်ဆန္ဒပြပွဲတွေအထိ ချိတ်ဆက်နိုင်ခဲ့တယ် ။ ဒါပေမယ့် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေ လိုချင်တဲ့ အခင်းအကျင်းကိုမရခဲ့ပါဘူး ။ ဦးရာဇတ်ရဲ့မျိုးဆက်ဖြစ်တဲ့ ကိုမြအေးက ပြင်းပြင်းထန်ထန် ခါးခါးသီးသီးငြင်းဆန်မှုဟာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေအတွက် အရှိုက်ကိုအထိုးခံလိုက်ရတာဖြစ်တယ် ။ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေလိုချင်တဲ့ ဘာသာရေး အဓိကရုဏ်း အခင်းအကျင်းထဲကို မလျှောက်လှမ်းခဲ့တဲ့ တိုင်းချစ်ပြည်ချစ် မြန်မာမွတ်ဆလင်တွေကိုလည်းကျေးဇူးတင် ရမှာဖြစ်တယ်။ ဒါပေမယ့်လို့  ပြည်တွင်းပြည်ပ ဟန်ချက်ညီညီ ပြင်ဆင်ထားတဲ့ ဗျူဟာကိုတော့ ဆက်လက်ဆင်နွှဲခဲ့တယ် ။ ရခိုင်ပြည်မှာအကြမ်းဖက်သောင်းကျန်းမှုတွေနဲ့  ရခိုင်လူထုကို စတင်မြူဆွယ်ရေးဖြစ်တယ် ။ အဲဒီကတဆင့် စစ်တပ်ဝင်ရောက်လာပြီး မီးကုန်ယမ်းကုန် ပစ်ခတ်နိုင်နင်းရေးကို လိုချင်ခဲ့ပြန်တယ်။ အဲဒီလိုဖြစ်ခဲ့ရင် ဘာသာရေးအဓိကရုဏ်းဖြစ်ပေါ်ရေးကို တွန်းအားပေးနိုင်မှာဖြစ်ပြီးအကြမ်းဖက် အယ်လ်ကိုင်ဒါအဖွဲ့ တွေရဲ့ပူးပေါင်းပါဝင်မှုတွေနဲ့ မြန်မာနိုင်ငံရဲ့နယ်မြေအချို့ ကိုဖဲ့ထုတ်နိုင်လိမ့် မယ်လို့ မျှော်လင့်ပုံရပါတယ် ။ ဒါပေမယ့် အစိုးရရဲ့ ကိုင်တွယ်ပုံဟာသူတို့ ထင်ထားသလိုဖြစ်မလာတဲ့အခါ ပြည်တွင်းထဲထိသယ်ဆောင်ထားတဲ့လက်နက်တွေ လောင်ချာတွေအထိ ထုတ်သုံးလာခဲ့တယ် ။ ကိုယ့်အိမ်ကိုမီးရှို့ ရေးမှသည် ရခိုင်တပြည်လုံးမီးလောင်ရေး အစီအစဉ်တွေကိုတဆင့်တိုး တိုက်ပွဲဝင်လာခဲ့တယ်။ ရှေးတိုးရခက် နောက်ဆုတ်ရခက်အနေအထားဖြစ်နေတဲ့ ရိုဟင်ဂျာအမည်ခံဘင်္ဂလီရဲ့နောက်ကွယ်ကဘာတွေဆက်ထွက်လာမလဲဘာတွေဆက်လုပ်လာမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်သလိုသူတို့ နောက်ကွယ်ကမမြင်နိုင်တဲ့အရာတွေကို မြင်အောင်ကြည့်ရေး ၊ ဖော်ထုတ်ရေးဟာလည်းတိုင်းပြည်အတွက် အရမ်းအရေးကြီးတဲ့အရာဖြစ်တယ်။
ရိုဟင်ဂျာနှင့်ပြည်ပမီဒီယာအချို့ရိုဟင်ဂျာစကားလုံးသုံးစွဲခြင်းကို အချို့ရခိုင်အမျိုးသားများက မကြိုက်ပေမယ့် မီဒီယာအချို့ကတော့ မြိန်မြိန်ကြီးသုံးကြပါတယ် ။ ကျနော်ကတော့ ရိုဟင်ဂျာအမည်ခံဘင်္ဂလီလို့ သုံးစွဲပါတယ် ။ လွန်ခဲ့နှစ်ကရေးတဲ့ ဆောင်းပါး(ဦးရာဇတ်မှသည် ကိုမြအေးအထိ သို့ သော် တံခါးလာခေါက်ပြီ)မှာစတင် သုံးစွဲခဲ့တယ် ။ ကြိုက်တဲ့လူတွေ ကျနော်သုံးသလို လိုက်သုံးနိုင်သလို မသုံးဘဲလဲနေနိုင်ပါတယ်။ ဆိုလိုတာကတော့ ရိုဟင်ဂျာဟုနာမည်သစ်ပြောင်းထားသောဘင်္ဂလီလို့ ပြောလိုတာဖြစ်တယ်။ ဆိုတော့ ကျနော့်အမြင်အရ ရိုဟင်ဂျာလို့ မသုံးတောင်မှ ရိုဟင်ဂျာပါအောင်သုံးစွဲရမယ့်အနေအထားမှာရှိနေပါတယ် ။ ဘင်္ဂလီရိုဟင်ဂျာလို့ သုံးသုံး သို့ မဟုတ် ရိုဟင်ဂျာအမည်ခံဘင်္ဂလီလို့ သုံးသုံး သို့ မဟုတ် အခြားတမျိုးကိုဘဲသုံးသုံး ရိုဟင်ဂျာပါအောင်သုံးစွဲရပါတော့မယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိရခိုင်ပြည်မှာအကြမ်းဖက် နေခြင်းကြောင့်ဖြစ်သလို ပြည်တွင်းမှာရော ပြည်ပမှာပါရှိတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအချို့ဟာ အယ်လ်ကိုင်ဒါးအကြမ်းဖက်အဖွဲ့ တွေနဲ့ ဆက်စပ်နေလို့ ဖြစ်တယ် ။ နောက်တချက်ကရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေနဲ့  တိုင်းပြည်အပေါ်မှာသစ္စာစောင့်သိတဲ့ မြန်မာမွတ်ဆလင်တွေကို မရောနှောရအောင် စည်းခြားထားရမှာဖြစ်တယ်။
တဆက်တည်းပြောချင်တာကတော့ မြန်မာမွတ်ဆလင်တွေအနေနဲ့  ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေ လိုချင်တဲ့ ဘာသာရေးအဓိကရုဏ်းဖြစ်ပေါ်ရေးမှသည် တိုင်းပြည်ဖဲ့ထုတ်ရေးကိုဆန့်ကျင်ဖို့ ပြောချင်ပါတယ်။ ဦးရာဇတ်ခင်းပေးခဲ့တဲ့ လမ်းကြောင်းအပေါ်မှာဘဲ မြန်မာတိုင်းရင်းသားပေါင်းစုံနဲ့ အတူရပ်တည်ပေးဖို့ လိုအပ်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ ဆိုတော့ ကျနော်ပြောလိုတာကို ဆက်ရရင် ပြည်ပမီဒီယအချို့ရဲ့ လိမ္မာပါးနပ်စွာသုံးတဲ့အသုံးအနှုန်းကို ပြောရပါလိမ့်မယ် ။ ဒီအသုံးအနှုန်းတွေဟာရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေလိုချင်သလို လိုက်သုံးပေးရတဲ့ပုံစံဖြစ်တယ်လို့ ပြောချင်တယ် ။ အဲဒီအသုံးအနှုန်းဟာရည်ရွယ်ချက်နှစ်ခုကို ပြီးမြောက်စေပါတယ် ။ ကျနော်ပြောလိုတဲ့ မီဒီယာတွေကတော့ တိတိကျကျပြောရရင် (BBC, VOA, RFA, DVB, ဧရာဝတီ)တို့ ဖြစ်ပါတယ် ။ ကျန်တဲ့ မီဒီယာတွေလည်း ရှိနိုင်သေးပါတယ်။ လှမ်းမကြည့်နိုင်သေးပါဘူး။ ဆိုတော့ဒီမီဒီယာတွေဟာတချိန်က မြိန်မြိန်ကြီးသုံးစွဲခဲ့ဖူးတဲ့ "ရိုဟင်ဂျာ"ဆိုတဲ့အသုံးအနှုန်းကို မသုံးစွဲတော့ဘဲ "အစ္စလာမ်ဘာသာဝင်"တွေလို့ သုံးစွဲလာတာကိုတွေ့ ရပါတယ် ။ ဒါကလည်းကနေ့  ရခိုင်ပြည်မှာလက်ရှိဖြစ်ပေါ်နေပြီးမှ ပြောင်းလဲသုံးစွဲလာတာဖြစ်တဲ့အတွက် ရိုးသားမှုလုံးဝမရှိဘူးလို့ ပြောလိုပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားအရ ရိုဟင်ဂျာအမည်ခံဘင်္ဂလီကိုယ်နှိုက်က ပြောင်းလဲသုံးစွဲ စေခိုင်းခဲ့တာသေချာလောက်ပါတယ်။ ဒီလို မြိန်ရည်ယှက်ရည်သုံးစွဲလာခဲ့ပြီးမှ ယခုလိုရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေအကြိုက် ပြောင်းလဲသုံးစွဲခြင်းကတော့
(၁)အစ္စလာမ်ဘာသာဝင်လို့ သုံးစွဲခြင်းအားဖြင့် မြန်မာပြည်တလွှားမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေပါ ပူးပေါင်းပါဝင်လာကာ ဘာသာရေးအဓိကရုဏ်းဖြစ်လာနိုင်တယ် ။
(၂) ရိုဟင်ဂျာလို့ သုံးစွဲလိုက်ရင် ရိုဟင်ဂျာဆိုတာအကြမ်းဖက်သမားတွေလို့  ကမ္ဘာက မြင်သွားမှာကိုမလိုလားဘူး ။
ဒါကြောင့် ကမ္ဘာ့မီဒီယာတွေကိုဘာသာရေးအဓိကရုဏ်းပုံစံမျိုးနဲ့ ချပြပြီးရခိုင်လူထုနဲ့ အစိုးရကပါ ပူးပေါင်းသတ်ဖြတ် အကြမ်းဖက်နေတယ်လို့ ပြောနေတာဖြစ်တယ်။ DVB သတင်းဌာနမှာ ပီတာအောင် ရေးတဲ့သတင်းတပုဒ်မှာ ရခိုင်တွေက ရိုဟင်ဂျာအမည်ခံဘင်္ဂလီအိမ်တွေကိုစတင်မီးရှို့ တယ် လူတွေကို သေကြေဒဏ်ရာရအောင်လုပ်တယ်လို့ ရေးပါတယ် ။ အယ်ဒီတာကလည်း ထည့်တာပါဘဲ ။ အဲဒီဖြစ်စဉ်ဟာမောင်တောမှာပါ။ မောင်တောဟာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီအများဆုံးဖြစ်ပြီးတော့ ရခိုင်တွေကအနည်းစုပါ။ ဖြစ်စဉ်အားလုံးကိုယှဉ်ကြည့်ရင် ရခိုင်လူထုက ကိုယ့်ကိုယ်ကိုကာကွယ်ရေးအဆင့်မှာရှိပြီး ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေက အကြမ်းဖက်ခြင်းဆိုတာသိသာထင်ရှားပါတယ် ။ ပြောနိုင်တာတခုက ကျနော်ကိုယ်တိုင်ဖြစ်ဖြစ်၊ အခြားတယောက်ကဖြစ်ဖြစ် သို့ မဟုတ် ကော်မတီပုံစံမျိုးဖွဲ့စည်းပြီး ခိုင်မာတိကျတဲ့ အထောက်အထားတွေနဲ့ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ အကြမ်းဖက်မှုကိုစနစ်တကျတင်ပြနိုင်လိမ့်မယ်လို့ လုံးဝယုံကြည်ပါတယ်။ ဒါကြောင့် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဟာ အကြမ်းဖက်သမားတွေအဖြစ်ထင်ရှားတာကြောင့် ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရကို တနည်းတဖုံသုံးစွဲရမယ်။ နိုင်ငံတကာ NGO အဖွဲ့ အစည်းတွေ၊ UN အဖွဲ့ ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ အကြမ်းဖက်အယ်လယ်ကိုင်ဒါအဖွဲ့ တွေနဲ့ပတ်သက်မှုတွေ ၊ လက်နက်တော်တော်များတွေ့ ရှိချက်တွေ ၊ ရခိုင်ပြည်မှာ ယခုဖြစ်ပျက်နေတဲ့အထဲမှာ ရခိုင်လူထုကဓါးတောင်လူတန်းစေ့မကိုင်နိုင်ဘဲ ၀ါးချွန်တွေကိုင်ပြီး ကိုယ့်တိုင်းပြည်ကာကွယ်ရေး ၊ ကိုယ့်အသက်ကိုယ် ကာကွယ်ရေးလုပ်နေစဉ်မှာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေက လောင်ချာတွေတောင်သုံးနိုင်တဲ့ အနေအထားနှစ်ရပ်ကို ယှဉ်ကြည့်ရင် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဟာ တိုင်းပြည်ကိုရတဲ့နည်းနဲ့ (အကြမ်းရောအနုရော)သုံးစွဲကာဖဲ့ထုတ်ကြိုးပမ်းသွားမယ်ဆိုတာဒီနေ့ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက် အချက်အလက်တွေကခိုင်မာစွာသက်သာပြနေပါတယ် ။ ။
{[['']]}
ရခိုင် အမျိုးသားတို့ ကြုံတွေ့နေရသော နှိုင်းရဆုံးရှုံးမှု
ရခိုင် အမျိုးသားတို့ ကြုံတွေ့နေရသော နှိုင်းရဆုံးရှုံးမှု
ရိုဟင်ဂျာဟု အမည်တပ်ထားသော နိုင်ငံမဲ့ ဒုက္ခသည်များ၏ ပုံရိပ်များ နိုင်ငံတကာသတင်းဌာနများတွင် ပလူပျံလာခြင်းသည် ရခိုင်တို့၏ စိုးရိပ်ပူပန်မှုများကို အဆုံးစွန်ဆုံးသို့ ရောက်အောင်တွန်းပို့လိုက်လေသည်။
ရခိုင်သားတို့ မြင်မိသည်က နိုင်ငံမဲ့နေသောလူတစ်စုဟူသော အဖြစ်ထက်၊ ၄င်းတို့၏ ဘလော့များ၊ အင်တာနက်စာမျက်နှာများတွင် ဖြစ်ပျက်နေသော သမိုင်းကြောင်းဆိုင်ရာနှင့် နိုင်ငံသားဖြစ်ခွင့် သဘောတရားရေးရာများ ဖြစ်သည်။ ထိုအဖြစ်အပျက်များကြောင့် သနားရမည်ဟူသောအဖြစ်ထက် မိမိအရေးကို စိုးရိမ်ပူပန်ရမည့်အနေအထားကို ရောက်ရှိသွားသည်။ ရခိုင်လူမျိုးများမှာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများ ဖြစ်ပြီး၊ သနားဂရုဏာတရားကို ရှေ့တန်းတင်သူများဖြစ်သော်ငြားလည်း မည်သည့်အတွက်ကြောင့် ရိုဟင်ဂျာ ဆိုသည်နှင့် ဆန့်ကျင်ချင်သော စိတ်ဆန္ဒများကြီးစိုးနေရပါသနည်း။ အထက်ပါမေးခွန်းကို ကျွန်ုပ်သိသော အနောက်နိုင်ငံသားတစ်ဦးမှ မေးမြန်းခဲ့ပေသည်။ ဤမေးခွန်းကို ဖြေရန်အတွက် ရခိုင်လူမျိုးတို့၏ ခံစားချက်များကို ယထာဘူတကျကျ ရှုမြင်ကြည့်ရန် လိုအပ်လာပေသည်။ ကောက်ချက်တစ်ခုမှာ ရခိုင်လူမျိုးများသည် နှိုင်းရဆုံးရှုံးခြင်း ဟူသော သဘောတရားကို ခံစားနေရသည် ဟူ၍ ဖြစ်သည်။
မြန်မာနိုင်ငံအနောက်ဘက်၊ ရခိုင်ရိုးမ၏ ထိုမှာဘက်တွင်နေထိုင်သော ဤလူမျိုးများသည် အတိတ်၏ ကြီးကျယ်ခမ်းနားခြင်းတွင် ဂုဏ်ယူတတ်သူများ ဖြစ်သည်။ ယင်းကဲ့သို့သော ကြီးကျယ်ခန်းနားမှုများကိုလည်း ဒီဂျီအီးဟော၊ မောရိစ်ကောလိစ်ကဲ့သို့သော အနောက်တိုင်း ပညာရှင်များ၊ စာရေးဆရာများပင်လျှင် နှစ်ပေါင်းအတန်ကြာကပင် စာတမ်းများပြုစုဖူးဖြင်း၊ မြောက်ဦး၊ ဓည၀တီ၊ ဝေသာလီစသော မြို့ဟောင်းများ၏ အကြွင်းအကျန်များက သဇင်ပန်းခိုင်တမြိုင်မြိုင် ဆိုသကဲ့သို့ အထင်အရှားပြသနေခြင်းတို့က သူတို့၏ ဂုဏ်ယူတတ်ခြင်း အတွင်းသဘောကို ဖြည့်ဆည်းပေးသည်နှင့် တူနေပေသည်။ ရခိုင်လူမျိုးများသည် လက်ရှိအုပ်ချုပ်သူ တိုင်းရင်းသားတစ်မျိုးဖြစ်သည့် ဗမာများနှင့် မိမိတို့သည် တန်းတူသော လူမျိုးတစ်မျိုးဖြစ်သည် ဟူသော ခံယူချက်ကို ကိုင်စွဲထားပေသည်။ တစ်ချို့ရခိုင်များမှာ ထို့ထက်ပို၍ မိမိတို့သည် ဗမာများထက်ပင် ရှေးကျသောသမိုင်းကို ပိုင်ဆိုင်ထားခြင်းနှင့် မြောက်ဦးခေတ်သည် ဗမာဘုရင့်နိုင်ငံဖြစ်သည့် အင်းဝ၊ အမရပူရထက်ပင် တိုးတက်ခဲ့ကြောင်းကို ဒင်္ဂါးပြားဥပမာများ၊ စာဆိုက၀ိတို့၏ ရခိုင်မင်းသမီးဧချင်းအစရှိသော ဥပမာများဖြင့် တဖွဲ့တနွဲ့ ထောက်ပြကြပေသည်။
သို့ရာတွင် ၁၇၈၄ ခုတွင် ရခိုင်ဘုရင့်ပြည်သည် ပျက်သုန်းဆိတ်ငြိမ်းခဲ့ပြီး၊ ရခိုင်အထက်တန်းလွှာများသည် ရခိုင်ပြည်ကို စွန့်ခွာထွက်ပြေးခဲ့ရသည်။ ၄င်းတို့သည် နယ်ချင်းစပ်ရာ၊ တစ်ချိန်က ၄င်းတို့ ရာစုနှစ်ပေါင်းနှစ်ရာကျော်ကြာ အုပ်စိုးခဲ့ရာ စစ်တကောင်းမြို့ရပ်ဝန်းကျင်သို့ ရောက်ရှိခဲ့ကြသည်။ ရခိုင်ဘုရင်နှင့် မောင်းမမိသံများမှာမူ စစ်နိုင်သူတို့၏ ခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်။
ထိုအချိန်ထိုအခါက စစ်တကောင်းရပ်ဝန်းဒေသသည် ယခုကဲ့သို့ လူဦးရေ ထူထပ်ခြင်းမရှိသေးပေ။ စစ်၏အနိဌာရုဏ်များကို ရှောင်ခွာလာခဲ့သော ရခိုင်များကို အင်္ဂလိပ်များက ယာယီနေရာများချပေးခဲ့ယင်း၊ နတ်မြစ်၏ တစ်ဖက်ကမ်း (ယခုဘင်္ဂလားနယ်မြေ)တွင် ဖလောင်းချိတ်၊ ကယုချောင်း၊ မြစ်နားရွာ၊ အပေါက်ဝ အစရှိသော ဒေသများသည် ရခိုင်တို့အတွက် စိုက်ပျိုးစားရာ နယ်မြေများ ဖြစ်ခဲ့သည်။ လူဦးရေနည်းပါးခြင်း၊ စိုက်ပျိုးမြေပေါများခြင်းများကြောင့် ရခိုင်တို့၏ စီးပွားရေး ပြေလည်ခဲ့သည်။ ရခိုင်ပြည်မူရင်းနယ်မြေဖြစ်သော မြောက်ဦး၊ ကျောက်တော်၊ ရမ်းဗြဲ အစရှိသော နယ်မြေများတွင်မူ စစ်၏ဒဏ်ကြောင့်လည်းကောင်း၊ အခွန်အကောက်ကြီးမြင့်ခြင်းကြောင့်လည်းကောင်း ရခိုင်တို့သည် ဆင်းရဲကျပ်တည်းခဲ့သည်။
အင်္ဂလိပ်များ ရခိုင်ကို သိမ်းပြီးနောက်တွင် ရခိုင်တို့၏ ပညာရေး အဆင့်အတန်းသည် အလွန်ကောင်းမွန်ခဲ့သည်။ ရခိုင်ပြည်မှ ပညာတတ် အများအပြားမွေးထုတ်နိုင်ခဲ့ပြီး အင်္ဂလိပ်တို့၏ ဗျူရိုကရတ် အုပ်ချုပ်ရေးတွင် ထိပ်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ကြသည်။ အင်္ဂလိပ်အုပ်ချုပ်ရေးတွင် ဦးမေအောင်၊ ဆာပေါ်ထွန်း အစရှိသော ထင်ရှားသူများမှာ ရခိုင်အမျိုးသားများ ဖြစ်ကြသည်။ အိန္ဒိယ ပြည်သူ့အုပ်ချုပ်ရေး စာမေးပွဲဖြစ်သော ICS ကိုလည်း ရခိုင်သားများ ထူးချွန်စွာ အောင်မြင်ခဲ့သည်။ မြန်မာပြည်၏ ICS စာမေးပွဲ အောင်မြင်သူများစာရင်းတွင် ရခိုင်အမျိုးသားများ ကြီးစိုးနေခဲ့သည်။ ရှေ့နေရှေ့ရပ်များတွင်လည်း ရခိုင်သားများ ထင်ပေါ်ခဲ့သည်။ ခက်ခဲနက်နဲလှသော ပိဋ္ဋကတ်သုံးပုံကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သော ပုဂ္ဂိုလ်မှာလည်း ရခိုင်ပင် ဖြစ်သည်။ အခြားတစ်ဖက်ဖြစ်သော စီးပွားရေးတွင်လည်း ဘင်္ဂလာနှင့် ကုန်သွယ်နိုင်သဖြင့် ဦးရဲကျော်သူ ကဲ့သို့သော သူကြွယ်များ ပေါ်ထွန်းခဲ့သည်။ အရှင်ဦးဥတ္တမကဲ့သို့သော မြန်မာနိုင်ငံရေးကို လှုပ်နိုးခဲ့သူမှာလည်း ရခိုင်အမျိုးသားပင် ဖြစ်သည်။
ယခုကဲ့သို့သော အတိတ်က ကြီးကျယ်မှုများသည် ရခိုင်အမျိုးသားတို့အတွက် လက်မ ထောင်စရာ ဖြစ်ခဲ့သည်။ အရှင်ဦးဥတ္တမ၏ ဒုတိယကို မလို၊ ပထမကိုမှ လိုချင်သော စိတ်ဓာတ်မျိုးသည် ရခိုင်သားတို့၏ အတွင်းသဘောကို လွှမ်းမိုးနေခဲ့သည်။ သို့ရာတွင် ကံကြမ္မာသည် ရက်စက်တတ်သော သဘောကို ဆောင်သည် ထင်ပါသည်။
Picture 113မကြာသေးခင်အချိန်က UNDP ၏ အစီရင်ခံစာတစ်ခုအရ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ချင်းပြည်နယ်ပြီးလျှင် ဒုတိယအဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်ကြောင်း သိလာရပေသည်။ ဂီရိမုန်တိုင်းတိုက်ပြီးနောက်တွင် ရခိုင်ပြည်နယ်သို့ အကူအညီပေးရန် ရောက်ရှိခဲ့ကြသော NGO များသည်လည်း ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့် တောင်ပိုင်းတွင် ဆင်းရဲမွဲတေမှုမှာ အဆုံးစွန်စိုးရိမ်ရသော အခြေအနေကို ရောက်နေကြောင်း ထောက်ပြလာပေသည်။ ရခိုင်အမျိုးသားများမှာ မိမိ၏ မွေးရပ်မြေကို စွန့်ခွာ၍ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင် နေကြရပေသည်။ မကြာခင်က ရခိုင်ပြည်နယ်သို့ ခရီးသွားခဲ့သော မိတ်ဆွေတစ်ဦး၏ ပြောပြချက်အရ ယခုအခါ ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် မိန်းမများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများသာ ကျန်ရှိပြီး အားကောင်းမောင်းသန်လူငယ်လူရွယ်ဟူ၍ မြို့ရွာများတွင် ရှာဖွေရ ခက်ခဲသွားပြီ ဖြစ်ကြောင်း ဆိုပေသည်။
ယခုကဲ့သို့သော အခြေအနေဆိုးများကို ခံစားနေကြရကြောင်းကို ရခိုင်သူ၊ ရခိုင်သားများ နားလည်သဘောပေါက်မှု ရှိကြသဖြင့်သာလျှင်၊ အတိတ်နှင့် ပစ္စုပ္ပန်၏ ဆီနှင့်ရေပမာကွာခြားချက်များကို နားလည်၍နေကြသဖြင့်သာလျှင် အထက်ဖော်ပြပါ နှိုင်းရဆုံးရှုံးခြင်းကို ခံစားနေကြရခြင်း ဖြစ်သည်။
၎င်းကဲ့သို့ ဆုံးရှုံးမှု ခံစားနေရချိန်တွင် ရခိုင်ပြည်နယ်တွင် မှီတင်းနေထိုင်ကြကုန်သော ဘင်္ဂလီများ၏ သမိုင်းဆိုင်ရာ ပြောင်းပြန်လှန်ရေးသားထားသော ဇာတ်လမ်းများ ပလူပျံလာခြင်းက ရခိုင်တို့၏ နှလုံးသားကို ဓားထက်ထက်ဖြင့် ထိုးမွနေသည်နှင့် တူပေသည်။ ၄င်းကဲ့သို့ သမိုင်းပြန်လှန်ကွက်များထွက်လာသည်မှာ အတိတ်က လူမျိုးရေးအဓိကရုဏ်းများတွင် ရခိုင်တို့ သတ်ဖြတ်ခံခဲ့ရသော ပုံရိပ်များကို သတိရလာကြသည်။ လူမျိုးရေးအဓိကရုဏ်းတို့၏ သဘောမှာ နှစ်ဦးနှစ်ဘက် နစ်နာကြရသော သဘောရှိပေသည်။
၁၉၄၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော လူမျိုးရေးအဓိကရုဏ်းတွင် ရခိုင်လူမျိုးများသော နေရာတွင် ဘင်္ဂလီများ အသတ်ခံခဲ့ရပြီး၊ ဘင်္ဂလီလူမျိုးများသော နေရာများတွင် ရခိုင်လူမျိုးတို့ အသတ်ခံခဲ့ရသည်။ သို့ရာတွင် လူတို့၏ သဘောမှာ ခံရခြင်းကိုသာ အသိစွဲမှတ်တတ်ခြင်းကား သဘာဝသာ ဖြစ်ပေသည်။
အတိတ်သမိုင်းကြောင်းကို ခြေရာခံကောက်ကြည့်သော် မြောက်ဦးခေတ်၊ ရခိုင်ဘုရင်များကြီးစိုးချိန်တွင် မူစလင်များကို နေရာပေးခဲ့သော အချိန်များရှိခဲ့ပြီး ၄င်းမူစလင်များမှာ ရခိုင်ပြည်နယ်တွင် အခြေတကျနေထိုင်ခဲ့၍ ရခိုင်များက ကမန် ဟု အမည်ပေးခဲ့ပေသည်။ ၄င်းကမန်များမှာ အီစလန်ဘာသာကို ကိုးကွယ်ပြီး၊ ဒေသခံ ရခိုင်များကဲ့သို့ပင် ရခိုင်စကားပြောခြင်း၊ ရခိုင်လို ၀တ်စားဆင်ယင်ခြင်းများရှိသည်။ ဘင်္ဂလီများက ကမန်တို့၏ သမိုင်းကြောင်းကို ပြန်ပေးဆွဲပြီး မူစလင်ချင်းတူသဖြင့် အတူတူရောချခြင်း လုပ်နေသည်ဟု ရခိုင်တို့က ယုံကြည်သည်။ သို့ရာတွင် ကမန်များ ခမျာမှာလည်း မြန်မာနိုင်ငံတော် အစိုးရ၏ မျက်နှာသာပေးခြင်းကို မခံရရှာပဲ နိမ့်ချဆက်ဆံခြင်း၊ နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းများ ခံစားနေရသည်။
ဘင်္ဂလီတို့သည် အင်္ဂလိပ်ခေတ်တွင် လယ်ယာစိုက်ပျိုးရန် ရခိုင်မြေသို့ လာရောက်ခဲ့ကြပြီး အိမ်မပြန်ပဲ ရခိုင်ပြည်တွင် အခြေချနေထိုင်ခဲ့ကြကြောင်းကို အင်္ဂလိပ်တို့၏ လူဦးရေစစ်တမ်းများကို မှီးငြမ်း၍ ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက ဆိုလေသည်။ သူက ဆက်ဆိုသည်မှာ အင်္ဂလိပ်အုပ်ချုပ်သူများက စစ်တကောင်းသားဘင်္ဂလီများ၏ ရွှေ့ပြောင်းနေထိုင်ခြင်းကို အချိန်မှီ မထိန်းချူပ်နိုင်ခဲ့လျှင် ရခိုင်ပြည်တွင် ရခိုင်များက လူနည်းစုဖြစ်ပြီး ဘင်္ဂလီများက လူဦးရေ အသာစီးရသွားလိမ့်မည် ဖြစ်ကြောင်း၊ အင်္ဂလိပ်အုပ်စိုးသူများကပင် စိုးရိမ်ခဲ့ကြရကြောင်း အထောက်အထားများဖြင့် ဆိုပြသည်။ နောက်ရခိုင်အမျိုးသားတစ်ဦးဖြစ်သော ဦးခင်မောင်စောမှလည်း အထောက်အထားဖြင့် စာတမ်းများရေးသားကာ ဘင်္ဂလီတို့၏ ကူးပြောင်းလာရောက်မှုကို ထောက်ပြသည်။
သို့ရာတွင် နိုင်ငံတကာတွင် ဘင်္ဂလီများ၏ အရေးတော်ပုံ ပေါ်ပေါက်လာသည်မှာ မြန်မာအစိုးရ၏ လူအခွင့်အရေးဖိနှိပ်မှုများကြောင့် ဖြစ်သည်။ ဘင်္ဂလီများက ရခိုင်တို့သည် မြန်မာများနှင့် ပေါင်းပြီး သူတို့ကို ဖိနှိပ်ပါသည်ဟု ပြောကာ ရခိုင်အမျိုးသားများကို ဘီလူးသဘက်အဖြစ် နိုင်ငံတကာက မြင်အောင် လုပ်ပြကြလေသည်။ ရခိုင်အမျိုးသားများကို ၄င်းကဲ့သို့ နိုင်ငံတကာက မြင်အောင်လုပ်ပြရုံသာမက ရခိုင်အမျိုးသားများ၏ အထူးအထွတ်အမြတ်ထားရာ သမိုင်းကြောင်းကို အပြန်အလှန်ကုလားဖန်ထိုး ကောက်ချက်ဆွဲပြလေရာ ရခိုင်များမှာ နဂိုကပင် ဘီလူးရုပ်အသွင်းခံထားရသဖြင့် အသားနီနေသည်နှင့် အလိုက်သင့်ပင် အနာကို ဆားထည့်ခံကြရလေသည်။ ထိုအခါ ရခိုင်တို့၏ နှလုံးသားများ ဆတ်ဆတ်ခါ နာကျင်ကြရသည်။
ဘင်္ဂလီများ အရေးတကြီးလိုအပ်နေသည်မှာ လူ့အခွင့်အရေးများဖြစ်သည်။ သမိုင်းထဲက ဇာတ်လိုက်ဖြစ်ရန်မဟုတ်ပေ။ လူ့အခွင့်အရေး၏ သဘောမှာ အစိုးရ နှင့် ပြည်သူ၏ကြားက နားလည်မှုတစ်ခုသာ ဖြစ်သည်။ လူ့အခွင့်အရေး ဆုံးရှုံးခြင်းသည် အစိုးရက နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများကို မလိုက်နာ၍သာ ဖြစ်သည်။ လူတစ်ဦးချင်းနှင့် အခြားလူတစ်ဦးချင်းအကြားက နားလည်မှု၊ ခိုက်ရန်ဖြစ်မှုများမှာ ရာဇသတ်ပုဒ်များသာ ဖြစ်သည်။ ရခိုင်များမှာလည်း လူ့အခွင့်အရေးဆုံးရှုံးကြရသည်သာ ဖြစ်သည်။ နိုင်ငံတကာလူ့အခွင့်အရေး စာတမ်းနှင့်တကွ၊ တစ်သီးတစ်ခြားသော လူ့အခွင့်အရေးစာချုပ်များတွင် ပြဌာန်းထားသော အခွင့်အရေးများကို မြန်မာနိုင်ငံသားအားလုံး ဆုံးရှုံးကြလေသည်။ ဘင်္ဂလီများမှာ နိုင်ငံခြားသားများ အဖြစ်သတ်မှတ်ခံရသဖြင့် ပို၍နစ်နာခြင်း ဖြစ်သည်။
ရခိုင်လူမျိုးများမှာကား မိမိအရေးအတွက် အလွန်အမင်း ပူပန်နေကြရပေသည်။ အတိတ်ကာလက ရခိုင်တို့သည် သွေးစည်းညီညွတ်မှု ရှိကောင်း ရှိခဲ့မည် ဖြစ်သော်လည်း ယခုအခါမှာမူ ၀ါးအစည်းပြေသကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲနေသည်။ ရခိုင်တို့သည် ဗမာတို့၏ သူရဲကောင်း ကိုးကွယ်သော အလေ့အထကို အလွန်အတုခိုးတတ်ကြကြောင်း ရခိုင်လူငယ်တစ်ချို့က ညည်းညူကြလေသည်။ သူတို့က ပြောသည်မှာ ရခိုင်တို့၏ စိတ်နေစိတ်ထားသည် မဟုတ်မခံစိတ်ရှိပြီး၊ ခေါင်းဆောင်နောက်သို့ မမေးမမြန်းပဲ ကောက်ကောက်ပါအောင်လိုက်တတ်သော သဘောမရှိကြောင်း၊ ရခိုင်များတွင် ခေါင်းဆောင်လုပ်လိုသူများပြီး၊ နောက်လိုက်လုပ်လိုသူနည်းကြောင်းနှင့် ယင်းသဘော၏ အနက်သဘောကို ဆင်ခြင်စဉ်းစားပြီးသကာလ ၄င်းစိတ်နေစိတ်ထားမျိုးနှင့် ကိုက်ညီသော နိုင်ငံရေးအဖွဲ့အစည်းမျိုး၊ လူမှုရေးအဖွဲ့အစည်းမျိုးကို ဖွဲ့စည်းလုပ်ဆောင်သင့်ကြောင်း ၄င်းလူငယ်များက ဆိုလေသည်။
ထိုကဲ့သို့ စည်းရုံးရေးအတွက် အခက်အခဲ ကြုံနေရစဉ် လူမျိုး၊ ဘာသာရေးပျောက်ကွယ်သွားတော့မည်လား ဟူသော စိုးရိမ်ပူပန်မှုက အစဉ်အမြဲစိုးမိုးနေပေသည်။ ရိုဟင်ဂျာ ဆိုသူများ၏ လှုပ်ရှားမှုများမှာ ရခိုင်တို့၏ နှလုံးသားထဲသို့ စိုးရိမ်မှုများ ဒီဂရီမြင့်အောင် လှုံဆော်ပေးလိုက်သည်နှင့် တူသည်။ နိုင်ငံတကာစာမျက်နှာများတွင် ရိုဟင်ဂျာဟူသည်မှာ သနားစရာ ဒုက္ခသည်များအဖြစ် ပုံပေါ်နေပြီး၊ ရခိုင်တို့၏ နှလုံးသားများတွင်မူ ရိုဟင်ဂျာဟူသည်မှာ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေးအားဖြင့် ၀ါးမျိုလာမည့် လူမျိုးတစ်မျိုး ဖြစ်နေပေသည်။ ၄င်းစိုးရိမ်မှုကို ထောက်ပံ့ပေးနေသည်မှာ စီးပွားရေးအားဖြင့် ရခိုင်ပြည်နယ်၏ ရေလုပ်ငန်း အားလုံးနီးပါးကို ဘင်္ဂလီများက စိုးမိုးထားခြင်း၊ နိုင်ငံရေးအားဖြင့် နိုင်ငံတကာအကူအညီအထောက်အပံ့သည် ဘင်္ဂလီများထံတွင်သာ စုပုံနေခြင်း (ဂီရိမုန်တိုင်းမတိုင်မှီအထိ ရခိုင်ပြည်နယ်တွင် ရှိသော UN နှင့် NGO များသည် ဘင်္ဂလီများကိုသာ အကူအညီပေးခြင်းနှင့်၊ NGO အလုပ်အကိုင်အခွင့်အလမ်များသည်လည်း ဘင်္ဂလီများကိုသာ ဦးစားပေးခြင်း၊ မလေးရှားနိုင်ငံရှိ UNHCR သည် ဘင်္ဂလီများကိုသာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီး၊ ရခိုင်များကို အသိအမှတ်မပြုခြင်း)၊ ဘာသာရေးအားဖြင့် အီစလန်ဘာသာသည် နိုင်ငံတကာတွင် ဘီလူးရုပ်သွင်းခံနေရသဖြင့်လည်းကောင်း၊ အီစလန်ဆန့်ကျင်ရေးသည် အမေရိကန်နိုင်ငံကဲ့သို့ပင် လီဘရယ်ကျသည်ဟု ကြွေးကြော်သော နိုင်ငံများတွင်ပင် ဝေဖန်ခံနေရခြင်း စသည်များမှာ ပညာတတ်ဖို့အခွင့်အရေးမရရှာသော အောက်ခြေနေရခိုင်လူတန်းစားများနှင့်တကွ၊ အမျိုးသားလုံခြုံရေးကို စိုးရိမ်ပူပန်သော မျိုးချစ်နိုင်ငံရေးသမားများကို အလွန်အမင်း စိုးရိမ်စေပေသည်။
{[['']]}
ရိုဟင်ဂျာ ဒုက္ခသည် များ ဒေါ်အောင်ဆန်းစုကြည် ရဲ့  အကူအညီ ကို တောင်းခံ
ရိုဟင်ဂျာ ဒုက္ခသည် များ ဒေါ်အောင်ဆန်းစုကြည် ရဲ့  အကူအညီ ကို တောင်းခံ
“ကျွန်တော့်မိဘများအပါအ၀င် ရိုဟင်ဂျာများဟာ ၁၉၉၀ ခုနှစ်၊ ရွေးကောက်ပွဲမဲအနိုင်ရဖို့ ဒေါ်အောင်ဆန်းစုကြည် အတွက်မဲဆွယ်စည်းရုံးပေးခဲ့ကြပေမဲ့ အခုတော့ သူမက ကျွန်တော်တို့အတွက်ဘာမှလုပ်မပေးခဲ့သလို၊ ဘာမှလည်းမပြောဘဲနေ နေပါတယ်”
ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒုက္ခသည်စခန်းမှာနေထိုင်ကြသောရိုဟင်ဂျာမွတ်ဆလင်များမှ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား မိမိတို့မတရားဖိနှိပ် အနိုင်ကျင့်ခံရမှုများအဆုံးသတ်နိုင်ရေးအတွက် တစုံတရာ ပြောဆိုဆောင်ရွက်ပေးရန် ဗုဒ္ဓဟူးနေ့ကတောင်းဆိုလိုက်ပါသည်။ ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံနှင့်နယ်စပ်ချင်း ကီလိုမီတာ ၂၀၀ (၁၂၅ မိုင်) ထိစပ်လျက်ရှိပြီး ခန့်မှန်းခြေ ရိုဟင်ဂျာဒုက္ခသည်များ ၃ သိန်းခန့်နေထိုင်လျက်ရှိပါသည်။
ထိုအရေအတွက်မှာ UN မှကူညီထောက်ပံ့ထားသော စခန်းအတွင်းနေထိုင်သူများ၏ ဆယ်ဆခန့်ရှိပါသည်။ ရခိုင်ပြည်နယ်အတွင်း ၅ ရက်ကြာဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာနှင့်ရိုဟင်ဂျာမွတ်ဆလင် အဓိကရုဏ်းတွင် လူ ၂၅ ဦးခန့်သေဆုံးပြီး ၄၁ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု မြန်မာအာဏာပိုင်များက AFP သတင်းဌာနကို အင်္ဂါနေ့ကပြောကြားခဲ့ပါသည်။
“ကုလသမဂ၊ နိုင်ငံတကာအစိုးရများနဲ့ မြန်မာအစိုးရအပြင် အထူးသဖြင့်ဒေါ်အောင်ဆန်းစုကြည်ကိုတောင်းဆိုချင်ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်နယ်စပ် တာက်နာ့မြို့နာယာပါရာစခန်းမှာနေထိုင်တဲ့ ဒုက္ခသည်ခေါင်းဆောင် မိုဟာမက်အစ္စလာမ် က AFP သတင်းဌာနကိုပြောခဲ့ပါတယ်။ “ကျွန်တော့်မိဘများအပါအ၀င် ရိုဟင်ဂျာများဟာ ၁၉၉၀ ခုနှစ်၊ ရွေးကောက်ပွဲမဲအနိုင်ရဖို့ ဒေါ်အောင်ဆန်းစုကြည် အတွက်မဲဆွယ်စည်းရုံးပေးခဲ့ကြပေမဲ့ အခုတော့ သူမက ကျွန်တော်တို့အတွက်ဘာမှလုပ်မပေးခဲ့သလို၊ ဘာမှလည်းမပြောဘဲနေ နေပါတယ်။ အခြားသော ဗမာတွေလိုဘဲ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး သူမနှုတ်ပိတ်တိတ်ဆိတ်နေပါတယ်” ဟုထပ်ပြောခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၄ နှစ်အတွင်း သူမ၏ပထမဆုံးပြည်ပခရီးစဉ်အတွင်း ထိုင်း မြန်မာနယ်စပ်ရှိမြန်မာဒုက္ခသည်များအား သွားရောက်တွေ့ဆုံခဲ့ပါသည်။ သူမအနေဖြင့် ဒုက္ခသည်များပြည်တော်ပြန်နိုင်ရေးအတွက် အတတ်နိုင်ဆုံး ကျိုးပမ်းသွားမည်ဖြစ်ပြီး၊ ၄င်းတို့အားမေ့ထားမည်မဟုတ်ကြောင်းကတိပြုပြောဆိုခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အခြားသောမြန်မာဒုက္ခသည်များအရေးကို မီးမောင်းထိုးပြောဆိုနေသော်လည်း ရိုဟင်ဂျာများအတွက်မူ မျှော်လင့်ချက်စကားလေးတခွန်းမျှပင်ပြောဖော်မရကြောင်း ကိုအစ္စလာမ်က ပြောကြားခဲ့ပါသည်။ “အစိုးရနဲ့ဒေါ်အောင်စုကြည်အကြားဆက်ဆံရေးကောင်းမွန် တိုးတက်လာပြီး နိုင်ငံမှာပြောင်းလဲမှုတွေဖြစ်လာတယ်လို့ ကြားနေရပေမဲ့ ကျနော်တို့ရိုဟင်ဂျာများအတွက်တော့ဘာမှ မပြောင်းလဲလာပါဘူး” ဟု ကိုအစ္စလာမ်ကပြောဆိုပါသည်။ 
မြန်မာအစိုးရနှင့် များစွာသောမြန်မာတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှ တိုင်းရင်းသားဘာသာစကားတခုနှင့်ဆင်တူသော ဘင်္ဂါလီစကားပြော ရိုဟင်ဂျာများအား နိုင်ငံခြားသားများအဖြစ် နှစ်ကာလကြာရှည်စွာကတည်းက သဘောထားဆက်ဆံနေခဲ့ပါသည်။ ယင်းသို့ခွဲခြားဆက်ဆံမှုကြောင့် ရခိုင်ဗုဒ္ဓဘာသာနှင့်ရိုဟင်ဂျာမွတ်ဆလင်များအကြား စိတ်ဝမ်းကွဲပြားစေခဲ့ပါသည်။ ကိုအစ္စလာမ်မှ ရခိုင်ပြည်နယ်အတွင်း ရိုဟင်များအားပစ်မှတ်ထား ဖြစ်ပွားနေသော အဓိကရုဏ်းသတင်းများကို စခန်းတွင်းတွင်ပိတ်ပင်အမှောင်ချထားနေသည် ဟုဆိုပါသည်။
၎င်းမှ ဗုဒ္ဓဘာသာနှင့် မြန်မာအာဏာပိုင်များက မောင်းတောမြို့တောင်ပိုင်းရှိ မေဒါပါရာကျေးရွာ ပလီကျောင်းအားစီးနင်းခဲ့ရာ လူအမြောက်အမြားသေဆုံးခဲ့ရသည် ဟုဆိုပါသည်။ စစ်တွေတွင် လူများစွာအား ရုပ်ရှင်ရုံထဲလှောင်ပိတ်ပြီး မီးရှို့ခဲ့သည်ဟုလည်း ၄င်းမှဆက်လက် ပြောဆိုသွားပါသည်။ ဤလုပ်ရပ်များအားလုံးသည် မြန်မာပြည်မှ ရိုဟင်ဂျာများ ဆိတ်သုဉ်းသွားစေရန်အတွက် အစီအစဉ်ရှိရှိ လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်ပြီး လုံခြုံရေးတပ်သားများက ရခိုင်များနှင့်အတူသတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည် ဟု၎င်းကပြောဆိုခဲ့ပါသည်။
၎င်းစွပ်စွဲပြောဆိုချက်များကို AFP သတင်းဌာနမှသီးခြားအတည်ပြုချက် မရယူနိုင်ခဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ မှစ၍ နိုင်ငံတကာမှ သူမအား အာရုံစိုက်စေခဲ့သော နိုဘယ်ငြိမ်းချမ်းရေးဆုရခဲ့သည့် လွန်ခဲ့သောရာစုနှစ် နှစ်ခုအတွင်း သူမ၏ပထမဦးဆုံးသော ဥရောပခရီးစဉ်အတွက် ဗုဒ္ဓဟူးနေ့က ခရီးထွက်ခွါသွားပြီဖြစ်သည်။ သူမ၏လေယာဉ် ရန်ကုန်လေဆိပ်မှ မထွက်ခွါမှီတွင် သတင်းထောက်များအား “သူမအနေဖြင့်ပြည်သူများအတွက်အကောင်းဆုံးလုပ်ဆောင်သွားလိုသောဆန္ဒရှိကြောင်း” ပြောကြားသွားခဲ့ပါသည်။
င်္Freedom News Group ၏ June 14, 2012 နေ့မှ အင်္ဂလိပ်ဘာသာသတင်းအား ရဲရဲတွေး မှ မြန်မာလိုဆီလျော်အောင်ပြန်ဆိုထားပါသည်။
{[['']]}
မငိုပါနဲ့ ဧရာဝတီ
မငိုပါနဲ့ ဧရာဝတီ
၁။ မေလရောက်လျှင် အံ့လောက်ဖွယ်ပင်
    ကချင်တောင်တန်း လျှိုမြောင်စမ်းသို့
    ဖြတ်သန်းတိုက်လာ ရှေ့“ပြုဗ္ဗာ” မှ
    လေလာမိုးရွာ သိမ့်သိမ့်ခါ၍
    ရာသီအစ မိုးဦးလ။   ။
၂။ မိုးရာသီတွင် ကချင်နယ်တွင်း
    လေ့လာရင်းဖြင့် “မြစ်ဆုံ” ရောက်ခိုက်
    လမ်းကြုံခိုက်တွင် ရေ၌ဆင်းခါ
    သန့်စင်ပါသည် - ယာမှာ “မေခ”
    စိတ်လက်ကြည်သည် မြန်ပြည်ဌာန
    ချမ်းမြေ့စွ။   ။
၃။ ယခုအခါ သိရပါသည်
    မြစ်ဆုံဝန်းကျင် နယ်တခွင်၌
    “တရုတ်တရက်” လက်ချင်းဆက်လျက်
    ပေါင်းဖက်ကျိုးတူ ဓာတ်အားယူရန်
    မိုးယံထိရောက် ဆည်ကိုဆောက်မတဲ့။    ။
၎။ အကယ်၍သာ
    မိုးယံအရောက် ဆည်တည်ဆောက်လျှင်
    ကချင်ပြည်နယ် အသွယ်သွယ်တွင်
    ပါဝင် “မြစ်ဆုံ” အဖုံဖုံ၌
    မိုးကုန်ရေရှား သတ္တ၀ါများပင်
    ကြက်စားရာမရှိ အတိဒုက္ခါ
    အဖြာဖြာတွင် “ဧရာ” လည်းသိ
    “မြစ်ကျဉ်း” ရှိရာ ၀ဲရာနှစ်ဘက်
    ပတ်ကြားအက်နှင့် ထိုးနှက်တူးဆွ
    ရွှေစရှာသူ သစ်ခုတ်သူနှင့်
    ဖုတ်ယူအုတ်များ ရှာဖွေစားစဉ်
    ကမ်းပါးပျက်ပြို နဂိုမရှိ
    ခန်းခြောက်ဘိကို သင်သိငါသိ
    အားလုံးသိကြ မငိုပါနဲ့ ဧရာဝတီ။    ။
{[['']]}
အစမကောင်းသော ရခိုင်နှင့်ရိုဟင်ဂျာ ပြဿနာ (၁)
အစမကောင်းသော ရခိုင်နှင့်ရိုဟင်ဂျာ ပြဿနာ (၁)
မောင်စင်ကြယ်
(တစ်)
ကိုယ်တို့အသိုင်းအ၀ိုင်းမှာ website လုပ်တာကတော့ ကိုချစ်ကို ပါဘဲ။ ဒီနောက်တော့ စောမျိုးဆက် နဲ့ စောကျော်ကျော် ပေါ့ကွယ်။ အစကတည်းကဆောင်းပါးတွေရေးသားဖို့တောင်းဆိုခဲ့ကြပေမဲ့ မရေးသားနိုင်ခဲ့ပါဘူး။ ခုတခါတော့ ဆရာစောထက်ရဲ့မြေးလေးမွေးနေ့မှာ လူတွေစုံတော့ စောမျိုးဆက်ကလဲတောင်းပြီးရင်းတောင်းဆိုတော့ ကိုယ့်အနေနဲ့ ရေုးဖြစ်သွားတာပါ။
စောမျိုးဆက်က ရခိုင်-ရိုဟင်ဂျာ ပြဿာနာကိုရေးပေးဖို့တောင်းဆိုတော့ ဒါကိုတပုဒ်ချင်းရေးဖို့ကမဖြစ်နိုင်ပါဘူး။ သမိုင်းကြောင်းနဲ့ချီပြီးရေးရမှာဆိုတော့ အခန်းဆက်နဲ့ရှည်ရှည်လေးရေးမှဖြစ်နိုင်မှာပါ။ ပြီးတော့မွတ်ဆလင်ပြဿနာကကမ္ဘာ့အရှေ့ဖက်မှာဆိုရင် တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့အရှေ့အလယ်ပိုင်း၊ အာဖရိကတခွင်လုံးမှာ မီးဟုန်းဟုန်းတောက်နေတယ်မှုတ်လား၊ ဒါကြောင့်ပဲ ကိုယ်ကစာရေးဆရာ၊ ကဗျာဆရာအနေနဲ့ (ပူးတွဲပါ) ကဗျာကိုရေးဖြစ်ခဲ့ပါတယ်။
ဒေသခံပြည်သူတွေနဲ့မွတ်ဆလင်တွေ တိုက်ခိုက်ကြတဲ့ပြဿနာကိုလေ့လာရင် အော်တိုမန်အင်ပါယာဆိုတဲ့ နှစ်ရာချီစစ်ပွဲတွေကတော့ ဝေးကွာလွန်းလှပါတယ်။ ဒုတိယကမ္ဘာစစ်ပွဲတွေရဲ့ နောက်ပိုင်းတွေကို လေ့လာစေချင်ပါတယ်။ ကမ္ဘာအရှေ့ဖက်ခြမ်းတရုတ်ပြည်ကစတင်လေ့လာရင် ဆင်ကျန်(Sin Kiang) မှာမွတ်ဆလင်ကိုးကွယ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာလူဦးရေ (၁၆)သန်းကျော်ရှိပါတယ်။ တရုတ်အစိုးရနဲ့ဆင်ကျန်နယ်သားတွေဟာ ဘာသာရေး၊ နိုင်ငံရေးတောင်းဆိုမှုတွေနဲ့ပတ်သက်လို့ မကြာခဏလဲတိုက်ခိုက်မှုတွေရှိကြပါတယ်။ မွန်ဂိုးလီးယားနဲ့တရုတ်ပြည်မှာတချိန်တခါကအုပ်ချုပ်ခဲ့တဲ့ မွန်ဂိုဘုရင်တွေလက်ထက်မှာ တူရကီကရောက်လာတဲ့မွတ်ဆလင်ဘာသာဟာ တရုတ်နဲ့နွယ်နေတဲ့တရုတ်မွတ်ဆလင်တွေပဲဖြစ်ကုန်ကြပါတော့တယ်။
အလားတူဘဲ တရုတ်မှာဆင်ကျန် ကိုယ်ပိုင်အုပ်ချုပ်ရေးတခုလောက်ကိုရင်ဆိုင်ရပေမဲ့ ရုရှားမှာတော့ (USSR) ပြိုကွဲပြီးတဲ့နောက်မှာလဲ ပတ်ဝန်းကျင်မှာမွတ်ဆလင်နိုင်ငံတွေဝိုင်းရံနေတာကတခု၊ လက်ရှိရုရှားပြည်ထောင်စုအတွင်းမှာပဲ ချင်ညာ (Chechnya) ကတခုနဲ့လူဦးရေလေးသန်းနီးပါးရှိတဲ့ တတာစတန်(Tatanstan) ကတခုရှိနေပါတယ်။ ဒါတွေကတော့တချိန်တခါက မွန်ဂိုစစ်တပ်ကြီးဟာဥရောပအလယ်ပိုင်းအထိချီတက်သွားသလို ရုရှားတောင်ပိုင်းက မွတ်ဆလင်နိုင်ငံတွေဆီကိုလည်း ဇာဘုရင်နဲ့မြင်းစီးတပ်ဖွဲ့တွေဟာ ချီခဲ့ကြတာဖြစ်ပါတယ်။
မွန်ဂိုမြင်းစီးတပ်တွေနဲ့အပြိုင် ဥရောပအနောက်ဖက်စွန်းမှာရှိတဲ့ မက်ဆီဒိုးနီးယားက အလက်ဇန္ဒားရဲ့မြင်းစီးတပ်တွေကလည်း အိန္ဒိယပြည်နောက်ပိုင်းအထိလာနိုင်ခဲ့ကြပါပေတယ်။ အလက်ဇန္ဒားသဂရိတ် နှင့်အတူပါလာတဲ့ မိလိန္ဒ အမတ်ကြီးကတော့ ချီးကျူးစရာပါ။ သူကမိလိန္ဒပညာကိုရေးသားနိုင်တဲ့အတွက်ပါ။
(နှစ်)
လေပူနေပူ
တရံတခါ လေလာတဲ့အခါ
မိုးလဲပါလာ....။
ရှေ့ကလဲလာ နောက်ကလဲလာ
တောင်ကလာ မြောက်ကလာ
မြန်မာတွေက လေနဲ့မိုး
အစိုးမရတဲ့......။
လေဆိုတာ
သမုဒ္ဒရာနဲ့ မြို့ရွာ
ကန္တာရနဲ့တောင်တန်း
ဖြတ်သန်းတိုက်ခိုက်လာ
တားဆီးသူမရှိ ဆီးတားသူမရှိ
တွေ့ရာမြင်ရာ မြင်မြင်ရာကို
ဝါးမြိုပစ်၏.....။
ရင်ထဲကမုန်တိုင်း အသဲထဲကနေလှိုင်း
ဘယ်သူတွေတိုင်းမလဲ၊ တိုင်းတာသူမရှိ။
ပူလောင်းလှ၏၊ ပြင်းထန်လှ၏.....။
ခုတခါတိုက်လာတဲ့လေဟာ
သမုဒ္ဒရာထဲကမလာ၊ ဆာဟာရမှတဆင့်
အာဖရိကကိုကျော်ဖြစ်စဉ်
လေထဲကပူ၊ နေလဲပူ၍.....
သွေးတွေဆူနေစဉ် ရေနံတူးစင်နဲ့
ပိရိမစ်တွေပြိုကျ အားလုံးအပိုင်းပိုင်းအစစ
အာဖရိကတခွင်လုံး မီးဟုန်းဟုန်းထလောင်
ဗုံးမိုးတွေရွာကျ ငရဲတမျှပါ.....။
ခုလိုဆာဟာရနဲ့ အာဖရိကရဲ့
လေပူနဲ့ နေပူဒဏ်
နှလုံးသားမှာခံနေရတော့
ထင်လာတဲ့အာရုံရိပ်မှာ
စတီဗင် စဗီးလ်ဘာ့ဂ် (Steven Spielberg) ရဲ့ ကျွန်လှေရဲ့
လှော်ခတ်သံ စီးချက်ကမှန်ပေရဲ့
မင်းသားအောင်မိုးရဲ့
ဒရမ် (Drum) နဲ့(Drum's Son) ဒရမ်ဆန်း
ကျွန်လူနဲ့ ကျွန်ရဲ့သား
ရုပ်ရှင်နဲ့ စာအုပ်များမှာတော့ အဆန်းသား။
သြော်....
ဂရိကဒီမိုကရေစီပညာရှင်
ထာဝစဉ်လေးစားနေရ
အရစ္စတိုတယ် ဆိုကရေးတီးစ်နဲ့
ပလေတိုတို့ကို အမြဲဆိုသတိရ
အာဖရိကမှာဒီမိုကရေစီ ဘယ်တော့ရမလဲဗျာ.....။
{[['']]}
အစမကောင်းသော ရခိုင်နှင့်ရိုဟင်ဂျာ ပြဿနာ (၂)
အစမကောင်းသော ရခိုင်နှင့်ရိုဟင်ဂျာ ပြဿနာ (၂)
မောင်စင်ကြယ်
တစ်
ခြေလျင်သွားရသောကုန်းလမ်းခရီးကုန်ဆုံးသောအခါလူသားတို့ဟာသင်္ဘောများ တည်ဆောက်၍ ရေလမ်းမှတဆင့်ခရီးဆက်ကြပြန်ပါတယ်။ ရေလမ်းခရီးမှာစပိန်ပါဝင်သောဥရောပတိုက်သားများဟာ အာရှ၊ အာဖရိက၊ ဥရောပသားများထက် ဦးနှောက်ကောင်းကြတော့ ပထမမှာကုန်သည်တွေ၊ သာသနာပြုတွေ၊ နောက်ပိုင်းမှာတော့ အာဖရိကသားများကို ကျွန်ကုန်ကူးပြီး နယ်မြေများကိုပါသိမ်းပိုက်ပါတော့တယ်။
ကိုလန်ဘတ်ဟာ တောင်အမေရိကကိုရှာဖွေတွေ့ရှိရာမှ နောက်ဆုံးမှာအမေရိကားကုန်းမြေကိုပါတွေ့ရှိပါတော့တယ်။ ဗာစကိုဒဂါးမားဟာလည်း အန္တလန္တိတ်မှတဆင့် အာရှတိုက်သို့အထိ ထိုးဖောက်လာနိုင်ခဲ့ပါတယ်။ ကပတိန်ကွတ်  တော့ သြစတြေလျ နဲ့ပစိဖိတ်သမုဒ္ဒရာထဲအထိရောက်လာခဲ့ပါတယ်။ အဲဒီမှာမွန်ဂိုတို့အလှည့်ပြီးတဲ့နောက် ကမ္ဘာမှာဥရောပတိုက်သားနယ်မြေသစ်ရှာဖွေသူများဟာ ကမ္ဘာ့ရေပြင်မှတဆင့် မြေပြင်အရပ်ရပ်သို့ခြေချလာနိုင်ခဲ့ပါတယ်။
အဲဒီအချိန်ကာလမှာ တရုတ်ပြည်ရဲ့ အနောက်တောင်ဖက်မှတဆင့် မနုဿဗေဒကျွမ်းကျင်သူ၊ သမိုင်းကိုလေ့လာသိရှိသူများရဲ့ပြောစကားအရ အကျိုးတူလူမျိုးတမျိုးဖြစ်လာမည့် (တိဗက်-မြန်မာ၊ မွန်-ခမာ၊ ထိုင်း-တရုတ်) လူမျိုးသုံးသွယ်ဟာ ဒီနိုင်ငံမှာခြေချနေထိုင်လာခဲ့ကြတာပါ။ ဒီလူမျိုးသုံးသွယ်မှာ ရိုးသားစွာဆိုရရင် ရိုဟင်ဂျာလူမျိုးဆိုတာတော့ ဆရာကြီးဦးဘသန်းရဲ့ကျောင်းသုံးရာဇ၀င်နဲ့ ဆရာကြီးကိုးကားတဲ့စာအုပ်များအပါအ၀င် မပါရှိတာအမှန်ပါဘဲ။
အဲဒီကတဆင့်ပေါ့ စောမျိုးဆက်ရေ..
ရန်ကုန်အရှေ့ဖျားတက္ကသိုလ် သမိုင်းပါမောက္ခဆရာကြီး လုစ် (Luce) နဲ့ မြန်မာသမိုင်းပညာရှင်များစောဒကတက်ဆွေးနွေးကြရာမှာ မြန်မာပညာရှင်များက မြန်မာအစတကောင်းက ဖြစ်ပြီး ဆရာကြီးလုစ်က မြန်မာအစကျောက်ဆည်က ဟုဆိုရာမှာလည်း ရိုဟင်ဂျာ ကိုတော့မတွေ့ရတာအမှန်ပါ။ ဒီနေရာမှာတော့ ဆရာကြီးဦးဘသန်းက သူ့ရဲ့ကျောင်းသုံး မြန်မာရာဇ၀င်မှာ အခြားသောမြန်မာပညာရှင်များနည်းတူ မြန်မာအစတကောင်းကကို မြန်မာပြည်သို့ အဘိရာဇာ ၀င်ရောက်လာရာပုံ၊ မြေပုံတချပ်နဲ့ ထိုစဉ်ကမြန်မာပြည်ရဲ့နယ်နမိတ်ကိုဖော်ပြထားတဲ့မြေပုံတချပ်၊ စုစုပေါင်းမြေပုံနှစ်ချပ်ကိုဖော်ပြထားရာမှာရှမ်းပြည်နယ်နမိတ်၊ ရခိုင်နယ်နမိတ်၊ မွန်နယ်နမိတ်နဲ့ ပျူကမ်းယံသက် နယ်နမိတ်တို့ကိုရိုးသားစွာဖော်ပြထားပါတယ်။
အဲဒီမြေပုံနှစ်ခုအရဆိုရင် အဘိရာဇာဝင်လာရာလမ်းဟာ ဟူးကောင်းတောင်ကြားလမ်းနဲ့ ဗြမပုတ္တရမြစ်ရိုးကဖြစ်ကြောင်းတွေ့ရမှာပါ။ ဆရာကြီးတနေရာမှာဖော်ပြထားတာက “ထိုအခါကအိန္ဒိယနှင့်ကုန်းလမ်းခရီး၊ ရေလမ်းခရီးတို့ဖြင့်အဆက်အသွယ်ရှိသည့် အိန္ဒိယပြည်မြောက်ပိုင်းမှ အဘိရာဇာကုန်းလမ်းခရီးဖြင့်လာသည်။ မွန်တို့တိုင်းပြည်သို့ အန္ဒိယတိုင်းသားမင်းတို့ ရေလမ်းခရီးမှလာသည်။ ထိုမင်းများအပြင်ဟိန္ဒူလူမျိုးကုန်သည်တို့လည်း အမြောက်အများလာရောက်ကြသည်။ ရံဖန်ရံခါကုလားတို့နှင့်မွန်လူမျိုးတို့တိုက်ခိုက်ကြကြောင်း ရာဇ၀င်အဆိုရှိသည်” ဟုရေးသားဖော်ပြထားပါသည်။
ပထမကောင်းဆက်မှာ အလုံးအရင်းနဲ့ဝင်ရောက်လာသူက အဘိရာဇာဖြစ်ပြီး ဒုတိယတကောင်းဆက်မှာ အလုံးအရင်းနဲ့ဝင်ရောက်လာသူက သာကီဝင်မင်း ဓဇရာဇာ ဖြစ်ပြီး အိန္ဒိယ (မဇ္ဈိမ) ဒေသမှာဘုရားပွင့်ပြီဖြစ်လို့ ဗုဒွဘာသာဝင်းမင်းများဖြစ်ကြောင်းဆရာကြီးကရေးသားထားပါတယ်။
နှစ်
နောက်တချက်က သမိုင်းကိုနောက်ခံပြီး စာအုပ်ကိုရေးလေ့ရေးထရှိကြတဲ့ မျက်နှာဖြူအရေးပိုင်မင်း “မောရစ်ကောလင်း” နဲ့ သတင်းစာဆရာကြီးသူရိယဦးသိန်းမောင်တို့ရဲ့ ရေးသားချကျတွေပဲဖြစ်ကြပါတယ်။ ဆရာကြီးမောရစ်ကောလင်းက သူ့ရဲ့ သူမသည်မိဖုရားကြီးတပါး (She was a queen) နဲ့ ရတနာရွှေပြည် (Image of golden land) စာအုပ်တို့မှာ ပုဂံကောင်းစားစဉ်ခေတ်က အိန္ဒိယသားအိမ်ထောင်စုပေါင်း သုံးထောင်ကျော်ရှိကြောင်းရေးသားချက်ရယ်၊ ဆရာကြီးသူရိယဦးသိန်းမောင်က သူ့ရဲ့ ရာဇသင်္ကြန် စာအုပ်နဲ့ ဆရာကြီးဦးဘသန်း၏ ပုဂံမင်းဆက်မှကျန်စစ်သားမင်းလက်ထက်မှာ မိဖုရားအပယ်ရတနာမှမြင်သော သမီးတော်ရွှေအိမ်ဆည်ကို ကုလားမင်းသား ပဋိက္ကရာနှင့်ရည်ငံရာမှ အမတ်တို့နှင့်တိုင်ပင်၍ စောလူးမင်းရဲ့သားတော် စောယွန်းနှင့်စုံမက်စေကြောင်းတို့ကိုထောက်ထား၍ ထိုစဉ်ကပင်မြန်မာတို့ရဲ့သဘောထားကိုသိနိုင်လောက်ပါသည်။
စောမျိုးဆက်ရေ၊ ကိုယ်ကသမိုင်းဆရာမဟုတ်ဘဲ သမိုင်းအထောက်အထားနဲ့ပြောပြချင်တာကတော့ ဆရာကြီးမောရစ်ကောလင်းဟာ အရေးပိုင်ဘ၀မှာ ဗြိတိသျှတွေ ငြိုငြင်တော့ တနင်္သာရီတိုင်းနှင့် ရခိုင်တိုင်းမှာသာ တာဝန်ထမ်းခဲ့ရသူပါ။ အငြိမ်းစားယူပြီးတဲ့နောက်မှာမှ မိတ်ဆွေတွေရဲ့ကောင်းမှုနဲ့ရှမ်းပြည်ဖက်ကိုရောက်လာပြီး တဲ့နောက် စောဘဦးကြီးရှေ့နေလိုက်တဲ့အမှုဖြစ်တဲ့ ကျိုင်းတုံစော်ဘွားကြီးနန်းတွင်းလုပ်ကြံမှု တရားခွင်ထဲထိ သူဝင်ရောက်ပြီးနားထောင်ခဲ့တာပါ။ ဆရာကြီးက တနင်္သာရီတိုင်းအရေးပိုင်ဘ၀မှာ ယိုးဒယားဖြူ (Siamese White) ကိုရေးခဲ့ပြီး ရခိုင်တိုင်းအရေးပိုင်ဘ၀မှာတော့ ရတနာရွှေပြည် (Image of golden land) ကိုရေးရာမှာ ခရစ်ယာန်ဘုန်းကြီးတပါးဟာ အိန္ဒယနိုင်ငံရဲ့အနောက်ဖက်ကမ်းခြေ ဂိုအာနယ် (Goa) ပေါ်တူဂီပိုင်ကိုဖြတ်ပြီး ထိုစဉ်ကရခိုင်ဘုရင်အုပ်စိုးနေတဲ့ မြို့ဟောင်းနေပြည်တော်ကိုရောက်လာတဲ့အကြောင်းပါ။ ရခိုင်ဘုရင်ရဲ့ မြောက်ဦးမြို့ဟောင်းနေပြည်တော်မှာ လုံခြုံရေးထားတဲ့ ၀န်ထမ်းတွေထဲက ဂျပန်ဆာမူရိုင်းတွေတောင်ရှိတယ်ဆိုတဲ့ အကြောင်းပါ။ လမ်းခရီးတလျှောက်မှာဘဲဖြစ်ဖြစ်၊ မြို့ဟောင်းနေပြည်တော်မှာဘဲဖြစ်ဖြစ် ရိုဟင်ဂျာတော့အလျင်းမပါပါဘူးကွယ်။
{[['']]}
အစမကောင်းသော ရခိုင်နှင့်ရိုဟင်ဂျာ ပြဿနာ (၃)
အစမကောင်းသော ရခိုင်နှင့်ရိုဟင်ဂျာ ပြဿနာ (၃)
မောင်စင်ကြယ်
တစ်
စောမျိုးဆက်ရေ..
နောက်တခုကိုးကားပြီးပြောရမှာက မိုက်ကယ်အောင်သွင် (တင်မီအောင်သွင်၊ မိုရင်းအောင်သွင်တို့ရဲ့သားချင်း) ရေးသားတဲ့ ပုဂံ (Pagan) စာအုပ်ပါပဲကွယ်။ ပညာရှင်တွေအားလုံးထဲမှာ မိုက်ကယ်အောင်သွင်ဟာ တရုတ်နဲ့ဂျပန်ဘာသာတို့ကိုပါကျွမ်းကျင်တဲ့ အရှေ့တောင်အာရှ့ရဲ့ကျွမ်းကျင်သူပညာရှင်တဦးလဲဖြစ်ပါတယ်။ ဒီစာအုပ်ကိုထိုင်းနိုင်ငံမှာ ရှိစဉ်ကတည်းက သြစတြေးလျသံရုံးရဲ့အတွင်းဝန် အယ်နာဘဲလ် အင်ဒါဆင် (နောက်ပိုင်းကမ္ဘောဒီးယားသံအမတ်) ကလက်ဆောင်ပေးတဲ့စာအုပ်ပါ။
မိုက်ကယ်အောင်သွင်ဟာသူ့ရဲ့စာအုပ်မှာအရှေ့တိုင်းဖြစ်တဲ့တရုတ်နဲ့ယူနန်နယ်ရော၊ အိန္ဒိယရော များစွာကိုဘဲကိုးကားထားပါတယ်။ ဟိုခေတ်ဟိုအခါကနိုင်ငံကြီးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယဖက်ကလူတွေဟာပုဂံကိုဝင်ရောက်လာတဲ့အခါ တရုတ်ဖက်ကလူနဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေပါဝင်ရောက်လာပြီး အိန္ဒိယဖက်ကတော့လူနဲ့တကွကိုးကွယ်ဝတ်ပြုရာဖြစ်တဲ့ ဗုဒ္ဓဘာသာပါရောက်ရှိလာပါတယ်။ ဒီဗုဒ္ဓဘာသာမှာ ပထမတော့ မဟာယနခေါ် တဲ့မြောက်ပိုင်းဗုဒ္ဓဘာသာဖြစ်ပြီး တောင်ပိုင်းဗုဒ္ဓဘာသာ (ထေရ၀ါဒ)ကနောက်ပိုင်းမှာဝင်ရောက်လာပါတယ်။
ပုဂံပြည်ကိုဝင်ရောက်လာတဲ့ အိန္ဒိယသားတွေဟာ သီဟိုကျွန်း (သီရိလင်္ကာ) ကတဆင့်ခံပြီးဟ၀င်ေ၇ာက်လာတဲ့အတွက်လဲပဲ ဟိန္ဒူတွေဖြစ်ကြပါတယ်။ ဒီတုံးကဟိန္ဒူတွေဟာဗုဒ္ဓဘာသာနဲ့ရောထွေးပြီး ဗိဿနိုးနဲ့ ရှီဗိာကိုပါ တစ်ရာစုက နှစ်ရာစုအတွင်းထိ ကိုးကွယ်ခဲ့ကြတာမို့ ရှေးခေတ် နှောင်းခေတ်တွေတိုင်အောင် ဗိဿနိုးမြို့ဟာရှိခဲ့တာပါ။ ပုဂံခေတ်ကောင်းစားစဉ်မှာ အထက်ပါအတိုင်း ဟိန္ဒူတွေသာရှိနေပြီး ရိုဟင်ဂျာမပြောနဲ့ မွတ်ဆလင်တွေတောင် မတွေ့ရ၊ မမြင်ရပါဘူးကွယ်။
နှစ်
ပုဂံခေတ်မှာမတွေ့ မမြင်ရတဲ့မွတ်ဆလင်သာဝင်တွေဟာ ရခိုင်မင်းဆက်တွေခေတ်မှာတော့ ရခိုင်ပြည်နယ်ကိုအခြေခံပြီး တွေ့မြင်လာရမှာပါ။ ဒီအထိလည်း ရိုဟင်ဂျာကိုတော့ မမြင်ရသေးပါဘူးကွယ်။ ရခိုင်ရာဇ၀င်ဆိုတာက သီးသန့်ရေးတာရော၊ မြန်မာရာဇ၀င်ထဲမှာပါတာရော ဖြစ်ပါတယ်။
ရခိုင်ကောင်းစားစဉ်က (၁) ရာမာဝတီ (သံတွဲနယ်)၊ (၂) ဓည၀တီ၊ (၃) ကျောက်ပန်းတောင်း၊ (၄) ဝေသာလီ (ကျောက်လှေကား)၊ (၅) ဓမ္မ၀က်၊ (၆) ပရိန်၊ (၇) ချိပ်မြို့၊ (၈) တောင်ပုံ (နရဉ္စရာ)၊ (၉) လောင်းကြက်၊ (၁၀) မြောက်ဦး (မြို့ဟောင်း) စတာတွေဟာ ရခိုင်ရဲ့မြို့ပြနိုင်ငံတွေဘဲဖြစ်ပါတယ်။ တကောင်း အဘိရာဇာ လွန်ပြီးတဲ့နောက်မှာ သားတော်ကြီး ကံရာဇာကြီးဟာ ညီငယ်ကိုတကောင်းမှာထားရစ်ခဲ့ပြီး ကျောက်ပန်းတောင်းမြို့၊ ဓည၀တီမြို့တွေကိုတည်ပြီး ရခိုင်မင်းဆက်တွေကိုတည်ထောင်ခဲ့တယ်လို့ ရခိုင်ရာဇ၀င်နဲ့ မြန်မာရာဇ၀င်တွေကဆိုပါတယ်။
ဒီနေရာမှာသိထားရမှာက တကောင်းကိုလာတဲ့ အဘိရာဇာရော၊ သူ့ရဲ့သားတော်ကြီးရခိုင်မင်းဆက်နဲ့ ကျောက်ပန်းတောင်း၊ ဓည၀တီတို့ကိုပါ တည်ထောင်ခဲ့တဲ့ ကံရာဇာကြီးတို့ဟာ အိန္ဒိယကလာတဲ့သူချည်းဖြစ်တယ်ဆိုတာပါပဲကွယ်။ ပထမတော့ ဟိန္ဒူတွေပေါ့၊ နောက်တော့မှ ဗုဒ္ဓဘာသာဝင်တွေဖြစ်လာကြသူတွေပါပဲ။
ရခိုင်ပြည်ရဲ့ ပထ၀ီအနေအထားကိုကြည့်ရင် အရှေ့ဖက်မှာရခိုင်တောင်တန်း (အနောက်ရိုးမ) ကြီးကမြန်မာပြည်ဖက်ကိုကာရံထားပြီးဝေးကွာစေပါတယ်။ ဘေးဖက်နဲ့အနောက်ဖက်မှာတော့ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပြည်၊ အိန္ဒိယပြည်တို့ရှိကြတဲ့အတွက် ရေလမ်း၊ ကုန်းလမ်းနီးကပ်စွာ ကူးလူးသွားနိုင်ကြပါတယ်။ ဒါကြောင့်မြန်မာဖက်မှရခိုင်ကိုထိပါးတာဆိုရင် ပုဂံခေတ်က အနော်ရထာနဲ့ အလောင်းစည်သူခေတ်မှာနှစ်ကြိမ်၊ အင်းဝမင်းခေါင်လက်ထက်မှာတကြိမ်၊ုဟံသာဝတီ တပင်ရွှေထီးလက်ထက်မှာတကြိမ် နဲ့ကုန်းဘောင်မင်းခေတ် ဘိုးတော်ဘုရား (မောင်ဝိုင်း) လက်ထက်မှာတကြိမ်ရှိခဲ့ပြီး တဖန်ရခိုင်ကနေပြီး ဟံသာဝတီကိုလာရောက်တိုက်ခိုက်ရာမှာ ယိုးဒယားထံက စစ်ခေါင်းလောင်းတွေကိုပါ သိမ်းယူသွားတောင်ရှိခဲ့ဖူးတယ်။
ရခိုင်ရဲ့ပြဿနာကပြည်မနဲ့ထိပါးမှုတွေပဲဖြစ်ပါတယ်။ ရှေးခေတ်ကဆိုရင် ပေါ်တူဂီလူမျိုးတွေနဲ့ ပေါ်တူဂီစစ်သားတွေရဲ့ထိပါးမှုဖြစ်ပြီး  ရခိုင်တွေဖက် အဆင်ပြေအောင်ပေါင်းသင်းပြီး ပင်လယ်ပြင်နဲ့ဂင်္ဂါမြစ်ဝှမ်းအထိ ကျက်စားကြရတာဖြစ်ပါတယ်။ ရခိုင်မင်းတွေအင်အားကြီးမားလာတဲ့အခါ စစ်တကောင်းနဲ့ ဘင်္ဂလားဖက်ကိုချဲ့ထွင်ကြတာလဲပါတယ်။ ရခိုင်ဘုရင်မင်းထီးလက်ထက်မှာ ဘင်္ဂလားပြည်သားတို့ဟာ စစ်တကောင်းနယ်ထဲအထိ ၀င်ရောက်တိုက်ခိုက်ကြရာမှာ ရခိုင်သားတို့က သစ်ဖောင်၊ ၀ါးဖောင်တွေကိုမီးတိုက်ပြီး ဘင်္ဂလားသားများကို ပြန်လည်ခုခံခဲ့ရကြောင်း ရာဇ၀င်များမှာ ရေးသားထားပါတယ်။
သုံး
ဒီမှာအရေးကြီးတာတခုကတော့ ရခိုင်ဘုရင် နရမိတ်လှ (မင်းစောမွန်) ဟာ မင်းရဲကျော်စွာတိုက်ခိုက်လို့ ဘင်္ဂလားနယ်ထဲမှာ နှစ် (၂၀) ခန့်အထိတိမ်းရှောင်နေရင်း ဘင်္ဂလားမင်း နဇိန်ရှာ (ဒီလီဗဆာ) ထံမှာ မင်းမှုထမ်းရပါတယ်။ ညီတော်သူ နရနူ ကသွားရောက်ခေါ်ဆောက်မှ ရခိုင်သို့တဖန် ပြန်လည်ရောက်ရှိလာပါတယ်။  အဲဒီနရမိတ်လှ ရဲ့ညီဖြစ်သူ နရနူကစပြီး ရခိုင်မင်းအချို့ဟာ မွတ်ဆလင်ဘာသာဝင်ထဲကိုဝင်ရောက်ကြကြောင်း ရာဇ၀င်ကဆိုထားပါတယ်။ နရနူမင်းကို ပထမမှာ မင်းခရီးခေါ်ရာမှနေပြီး အလီခင် (အလီခန်)၊ ထိုမှ အလီခင်၏သားတော် ဘစောဖြူကိုလဲ (ကလီအရှာ) ဟုခေါ်ကြတာဖြစ်ပါတယ်။ အဲဒီဘစောဖြူမင်းလက်ထက်မှာဘဲ ရခိုင်ကစစ်တကောင်းကိုသိမ်းပိုက်ရရှိရာ အင်္ဂလိပ် မြန်မာပထမစစ်ပွဲမတိုင်မှီအထိဖြစ်ပါတယ်။ ရခိုင်ဘုရင်မင်းရာဇာကြီးရဲ့သားတော် မင်းခမောင်း ကိုလည်း (ဟူစိန်ရှာ) လို့ခေါ်ကြပါသေးတယ်။ ဒီမင်းလက်ထက်မှာတော့ ရခိုင်ဘုရင်မင်းထီးရဲ့ စံချိန်ကိုချိုးပြီး စစ်တကောင်းကိုမျှမက ဘင်္ဂလားအရှေ့ ဒက္ကားမြို့အထိပါ ရခိုင်ကပိုင်ရှာပါတယ်။ အဲဒီနောက် မဂိုဘုရင် သြရန်ဂရစ် ( Aurangzib) လက်ထက်ရောက်တော့မှ စစ်တကောင်းနဲ့ ရာမူး တို့ကိုနှစ်တစ်ရာလောက် စိုးမိုးနေတဲ့ ရခိုင်ဘုရင်တွေဟာ လက်ပန်းတွေကျသွားပါတော့တယ်။
ရခိုင်နဲ့ဘင်္ဂလားဟာ အိမ်နီးချင်းတွေဖြစ်သလို၊ ယိုးဒယားနဲ့တင်္နသာရီ၊ ယူနန် (တရုတ်) နဲ့ မြန်မာပြည်မြောက်ပိုင်းနယ်တွေဟာလည်း အတိတ်ခေတ်မှာတော့ သူတပြန်၊ ငါတပြန် ကောင်းလိုက်ဆိုးလိုက် ရှိကြတာပါပဲကွယ်။
{[['']]}
အစမကောင်းသော ရခိုင်ရိုဟင်ဂျာ ပြဿနာ (၄)
အစမကောင်းသော ရခိုင်ရိုဟင်ဂျာ ပြဿနာ (၄)
မောင်စင်ကြယ်
တစ်
စောမျိုးဆက်ရေ..
ပုဂံပြည်ကြီးမှာမွတ်ဆင်တွေကို မတွေ့နိုင်ကြသေးပေမဲ့ ရခိုင်ပြည်ဖက်မှာတော့ အကြောင်းအမျိုးမျိုးနဲ့ ရခိုင်မင်းဆက်အချို့ဟာ မွတ်ဆလင်ဘာသာထဲဝင်သူဝင်၊ မွတ်ဆလင်အမည်ခံယူသူခံယူတာကိုလဲတွေ့နိုင်ပြီပေါ့ကွယ်။ မြန်မာရာဇ၀င်မှာ အင်းဝနဲ့ ကုန်းဘောင်ခေတ်ကိုရောက်လာတဲ့အခါမှာတော့ အာမေးနီးယန်းနဲ့ မွတ်ဆလင်ဘာသာဝင်အချို့ဟာ ဘုရင့်အမှုတော်ကိုထမ်းပြီးစစ်တပ်နဲ့ အမြောက်တပ်တွေထဲမှာပါဝင်လာကြပါတယ်။
သာဓကတွေကတော့ကွယ်၊ မင်းရဲကျော်စွာငြိုငြင်လို့ အနှစ် ၂၀ လောက် ဘင်္ဂလားထဲမှာခိုလှုံနေရတဲ့ ရခိုင်ဘုရင် နရမိတ်လှ (ခေါ်) မင်းစောမွန် လက်ထက်က ရခိုင်မင်းသမီးကိုဖွဲ့ချီတဲ့ (ရခိုင်မင်းသမီးဧချင်း) ရေးသူ စာဆိုကြီး အဒူမင်းညို ဆိုတာရှိပါတယ်။ ရခိုင်စစ်စစ်လား၊ ဘင်္ဂလားသွေးပါသးသလား ဆန်းစစ်ကြဖို့တော့ ကောင်းတာပေါ့ကွယ်။
နောက်တခုကတော့ကုန်းဘောင်ခေတ်မှာ မင်းတုံးဘုရင်ရဲ့အကိုတော်သူ ပုဂံမင်းလက်ထက် (အင်္ဂလိပ် မြန်မာဒုတိယစစ်ပွဲ) မှာ မွတ်ဆလင်ဘာသာဝင်မောင်ပိုင်ဆတ် (ဘိုင်ဆတ်) နဲ့ မြို့စာရေး မောင်ပိန် (ဦးပိန်တံတား) တို့ဟာ ဘုရင်ကမြှောက်စားထားသဖြင့် မိမိထုတ်ချင်သော အမိန့်တို့ကို ထုတ်ပြန်လေရာ ၀က်သားအပါအ၀င် သားကြီးငါးကြီးများကိုပင် မပေါ်ရ၊ မရောင်းရဖြစ်လာလို့ လူတွေရဲ့ချောင်းမြောင်း လုပ်ကြံခြင်းကိုခံရပါတော့တယ်။ ဒါကမြန်မာဘုရင်တွေခေတ်က မွတ်ဆလင်တွေပါဝင်ခဲ့ပုံပါဘဲ။
စောမျိုးဆက်ရေ..
အခုကိုယ်ဆက်ပြောချင်တာက မြန်မာဘုရင်တွေအဆက်ဆက်မှာ ဘယ်ဘုရင်နဲ့မှမတူတဲ့ မင်းတုန်းဘုရင်အကြောင်းပါ။ မင်းတုန်းဘုရင်ဟာနိုင်ငံခြားသားတွေကိုးကွယ်တဲ့ ဘာသာအ၀၀ကို ချီးမြှင့်တတ်တဲ့ဘုရင်တပါးပါ။ ခရစ်ယာန်ဘာသာဆိုရင် ဗရင်ဂျီဘာသာ (ရိုမင်ကက်သိုလစ်)၊ နှစ်ခြင်းခရစ်ယာန်၊ အင်္ဂလီကန်တို့အားလုံးကိုပဲ ကူညီထောက်ပံ့တဲ့အပြင် မွတ်ဆလင်ဘာသာဝင်တွေ အတွက်ဆို ၀တ်ပြုဆုတောင်းပွဲကိုသွားတဲ့အခါမှာ မြန်မာနိုင်ငံကလာတဲ့မွတ်ဆလင်တွေအတွက် မျက်နှာမငယ်ရလေအောင် မက္ကာမြို့မှာသုဓမ္မာဇရပ်တဆောင်တောင် ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။
ဒါတွေကတော့ တော်ရုံတန်ရုံလူတွေမဆိုထားနဲ့ တော်ရုံတန်ရုံဘုရင်တွေတောင်မလုပ်နိုင်တဲ့အလုပ်တွေပါဘဲ။ မိမိရဲ့အကြီးအမှူး ဘုရင်တွေလုပ်တာတွေကို လူတွေကလဲတော်တော်နဲ့ ပြောလေ့ပြောထမရှိကြပါဘူး။ သိပ်လွန်ကဲလာတဲ့အခါမှာတော့ ရှေ့ခေတ်ကသံလျင်တိုက်ပွဲမှာအပြတ်ရှင်းခဲ့သလို ဒီဖက်ခေတ်တွေမှာလည်း အချို့လူတွေဟာအပြတ်ရှင်းလင်းခြင်း ကို ခံကြရပါတယ်။ ဒါတွေကတော့မြန်မာဘုရင်တွေရဲ့နှောင်းပိုင်းကာလတွေဘဲဖြစ်ကြပါတယ်။
နှစ်
စောမျိုးဆက်ရေ..
ဗြိတိသျှတပ်ဖွဲ့တွေဟာ မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးတဲ့နောက် အုပ်ချုပ်တဲ့အခါ အားလုံးဟာအင်္ဂလန်ကလာတဲ့လူဖြူချည်းမဟုတ်ကြပါဘူး။ အိန္ဒိယကအဆင့်အုပ်ချုပ်လေတော့ ဂျော့အိုဝဲလ် (George Orwell) ရေးတဲ့ ဘားမားဒေး (Burma Days) ကိုမြန်မာနိုင်ငံမှာပုလိပ်လုပ်ရန်၊ ဈေးရောင်းရန်၊ လယ်လုပ်ရန်၊ ငွေတိုးကြေးတိုးထုတ်ပေးရန် အိန္ဒိယနိုင်ငံသားမျိုးစုံရောက်လာခဲ့ကြပါတယ်။ ဒါကြောင့်လွတ်လပ်ရေးအရေးတော်ပုံပေါ်ပေါက်လာတော့ ရာရှစ်ဆိုတဲ့ ကျောင်းသားခေါင်းဆောင်၊ ဦးရာဇတ်ဆိုတဲ့ကျောင်းဆရာ၊ ဂိုရှယ်ဆိုတဲ့အလုပ်သမားနဲ့ ကွန်မြူနစ်ခေါင်းဆောင်တွေပေါ်လာရပါတယ်။ ဒီအချိန်ကမြန်မာခေါင်းဆောင်တွေဟာလဲ မြန်မာ့လွတ်လပ်ရေးအတွက် တရုတ်ကိုရော၊ အိန္ဒိယကိုပါ အားကိုးအားထားပြုခဲ့ကြတာ အမှန်ပါဘဲကွယ်။ အဲဒီလွတ်လပ်ရေးအရေးတော်ပုံတလျောက်လုံး အထက်ကမွတ်ဆလင်ခေါင်းဆောင်ကြီးများမှာ အမှန်အကန်ပါဝင်ခဲ့ကြပေမယ့် ရိုဟင်ဂျာကတော့ ကြားတောင်မကြားဘူးခဲ့ရပါလား စောမျိုးဆက်။
မြန်မာ့သမိုင်းမှာ ဘယ်တုံးကမှမကြားခဲ့ဖူးတဲ့ ရိုဟင်ဂျာဆိုတာကို ပထမဆုံး စတင်ကြားရတာက ၁၉၆၁ ခုနှစ်၊ ဦးနုရဲ့ ပထစ အစိုးရက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာလုပ်တဲ့အခါနဲ့ ရခိုင်ပြည်၊ မွန်ပြည်နယ်ပေးတဲ့အခါ ကြားရတာပါ။ ဒီတုံးက ဗုဒ္ဓဘာသာမဟုတ်တဲ့သူတွေ၊ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေဟာ လွှတ်တော်အပြင်ပမှာလဲကန့်ကွက်ကြ၊ လွှတ်တော်ထဲမှာလဲကန့်ကွက်ကြရာမှာ အဲဒီရိုဟင်ဂျာတွေကိုတွေ့ရတာပါကွယ်။ ခရစ်ယာန်ကောင်စီ၊ ကချင်အသင်းတော်၊ ချင်းအသင်းတော်တွေအနက်က ဒီတုံးက၀န်ကြီးဦးရာရှစ်ကိုယ်တိုင် ရှိနေသေးတော့ သူ့ရဲ့နေအိမ်မှာမွတ်ဆလင်အသင်းအဖွဲ့ (၉) ဖွဲ့ကလူတွေကို တွေ့ဆုံပြီး ပြောတဲ့အစည်းအဝေးဖြစ်ပါတယ်။
အဲဒီတုံးက လွှတ်တော်ထဲကနေပြီး ရခိုင်ပြည်နယ်ပေးတာလဲမလိုလားဘူး၊ နိုင်ငံတော်ဘာသာလုပ်တာလဲမလိုလားဘူးလို့ ပြောလာတဲ့အမတ်တွေကတော့ 
ဘူးသီးတောင်နဲ့ မောင်းတောနယ်ဖက်က မွတ်ဆလင်ဘာသာဝင်အမတ်တွေဘဲ ဖြစ်ကြပါတယ်။ သူတို့ရဲ့အမည်တွေကတော့ (၁) မစ္စတာ အဘူခိုင် (၂) မစ္စတာ အဘူဘောရှော (၃) မစ္စတာ အက်စ်အာမက်တို့ပါဘဲကွယ်။ ဒီထက်ဆိုးတာကတော့ ရခိုင်မွတ်ဆလင်လူငယ်များအဖွဲ့က အကြံပေး ဥက္ကဌထံတင်သွင်းတဲ့စာမှာ..
“ရခိုင်ပြည်နယ်ပေးခဲ့သော် ဘူးသီးတောင်၊ မောင်းတောမြို့နယ်နှင့် မေယုနယ်ခြားဒေသများကို သီးခြားတိုင်းရင်းသားမွတ်ဆလင်ပြည်နယ်တခု ထူထောင်ပေးပါလို့” တင်ပြခြင်းပဲဖြစ်ပါတယ်ကွယ်။
သုံး
စောမျိုးဆက်ရေ..
မိမိရဲ့လူမျိုး၊ မိမိရဲ့ဘ၀ဘယ်ကလာပြီး ဘယ်လိုခေါ်တယ်ဆိုတာကို အတိအကျမပြောနိုင်၊ မခေါ်နိုင်တဲ့ “အမောင်တောင်မှန်းမသိ၊ မြောက်မှန်းမသိတဲ့” လူတွေကပါ ပြည်နယ်ပေးပါဆိုတော့ ရှက်စရာကောင်းလိုက်တာကွယ်။
မသိတော့လည်း ပြောရမှာပေါ့လေ။ လွတ်လပ်ရေးရယူရန် ပင်လုံစာချုပ် ချုပ်ဆိုပြီးတဲ့အခါ ရှမ်းတွေ၊ ကချင်တွေ၊ ချင်းတွေ၊ ကယား (ကရင်နီ)တွေ၊ သံလွင်ခရိုင်က ကရင်တွေ မြန်မာပြည်ထောင်စုထဲပါဝင်ရန် လိုသလို မစ္စတာရီးစ်ဝီလျံက တောင်တန်းဒေသစုံစမ်းရေးကော်မရှင်တခုဖွဲ့ပြီး စုံစမ်းပါတယ်ကွယ်။ ၀မ်းတော့ဝမ်းနည်းပါတယ်၊ ရိုဟင်ဂျာတွေဟာ လူမျိုးတမျိုးဆိုရင် အဲဒီတုံးက အဲဒီကော်မရှင်မှာဘာကြောင့်များ အစစ်ဆေး မခံကြပါသလဲဗျာ၊ ဒါနဲ့ဘဲတဆက်တည်း ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလ ပြင်ဆင်မှုညီလာခံမှာ ဘယ်လိုပြည်ထောင်စုမျိုးတည်ထောင်မယ်၊ လူမျိုးဆိုတာဘယ်လိုသတ်မှတ်တယ် ဆိုတာကို သိကြရင်တော့ကောင်းပါတယ်ကွယ်။
အမောင်တောင်မှန်းမြောက်မှန်းမသိသေးတဲ့လူတွေကိုပြောပြချင်ပါတယ်။ ဖဆပလ ပမာဏပြင်ဆင်မှုညီလာခံမှာ တင်ပြတဲ့အတိုင်းဘဲ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ဖွဲ့စည်းမယ့်ပြည်ထောင်စုကို ဗိုလ်ချုပ်အောင်ဆန်းက အခုလို တင်သွင်းခဲ့ပါတယ်။
(၁) ပြည်ထောင်စုပြည်နယ်ဖြစ်ရမယ်။
(၂) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ဖြစ်ရမယ်။
(၃) လူမျိုးစုပြည်နယ်ဖြစ်ရမယ် တဲ့..
စောမျိုးဆက်ရေ..
ဗိုလ်ချုပ်အောင်ဆန်းက လွှတ်တော်မှာဆက်လက်ပြီး အောက်ပါအတိုင်းတင်သွင်းခဲ့ပါတယ်ကွယ်။ အေးလေ.. ပြည်နယ်တောင်းချင်တဲ့လူတွေလည်းသိရအောင်တော့ တင်ပြလိုက်ပါတယ်ကွယ်။
(၁) ပထ၀ီအနေအထားအရ နယ်နမိတ်အထင်အရှားရှိခြင်း၊
(၂) မြန်မာစကားနှင့်မတူသော ဘာသာစကားတမျိုးတည်းရှိခြင်း၊
(၃) ယဉ်ကျေးမှုတမျိုးတည်းရှိခြင်း၊
(၄) ရာဇ၀င်အစဉ်အလာတမျိုးတည်းရှိသောလူစုရှိခြင်း၊
(၅) စီးပွားရေးဆိုင်ရာအကျိုးကျေးဇူးနှင့် စီးပွားရေးလုံလောက်မှုတို့ရှိသောလူစုရှိခြင်း၊
(၆) လူဦးရေအတော်အတန်ရှိခြင်း၊
(၇) ပြည်ထောင်စုအဖွဲ့ဝင် သီးခြားဒေသတခုအဖြစ်ဖြင့် မိမိ၏ကိုယ်ပိုင်ထင်ရှားချက်အတိုင်းနေလိုသော ဆန္ဒရှိခြင်း၊
ဒါကဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် သူမကွယ်လွန်မှီ တိုင်းပြုပြည်ပြုလွှတ်တော်မှာ တင်သွင်းခဲ့တဲ့ လူမျိုးတမျိုးအခေါ်ခံထိုက်သူနှင့် ရသင့်ရထိုက်သောအကျိုးအခွင့်တို့ဘဲဖြစ်ကြပါတယ်။
စောမျိုးဆက်ရေ..  ဒါတွေကိုပြောရင်း ပြောရင်းက တိုကျိုမှာဆုံဖြစ်ခဲ့တဲ့အဖြစ်အပျက်တခုကို သတိရမိပါတယ်။ တိုကျိုကို စာပေခရီးသည်အဖြစ် ကိုယ်ရောက်ပြီးတဲ့နောက်မှာ လူပုဂ္ဂိုလ် အနေနဲ့ကိုယ်မသိတဲ့မွတ်ဆလင်ဘာသာဝင်တဦးဟာ ကိုယ့်ထံကိုစာရေးပါတယ်။ လောလောဆယ်မှာသူ့အနေနဲ့ ဖမ်းဆီးခံရလို့ ထောင်ထဲရောက်နေပါသတဲ့၊ ထောက်ခံစာရေးပေးပါလို့ဆိုပါတယ်။ အေးလေ.. ကိုယ်ကိုယ်တိုင်လဲထောင်ထဲဝင်ဖူးသူဆိုတော့ သိသိမသိသိ စာနာပြီးသူလိုချင်တဲ့ ထောက်ခံစာကိုရေးပြီး ထောင်ထဲလှမ်းပေးပို့ပါတယ်ကွယ်။
အဲ.. များမကြာခင် ထောင်ထဲကနေ သူပြန်လွတ်လာပြီးတဲ့နောက် ကိုယ့်ထံကိုစာပြန်ရေးပြီး စည်းရုံးပါပေတော့တယ်။ တကယ်တော့သူက ရိုဟင်ဂျာ ကိုးကွဲ့၊ သူတို့ရဲ့နစ်နာမှုတွေနဲ့ ပြည်နယ်ရယူချင်တာတွေ များစွာများစွာပဲ သူ့စာထဲမှာပါရှိလာပါတယ်။ ကိုယ်ကပြန်ပြီးရေးတာက “မင်းဟာမွတ်ဆလင်ဘာသာဝင် ရိုဟင်ဂျာတဦးဆိုတော့ ဘာသာရေးလူနည်းစုဝင် တဦးအဖြစ်ကတော့ရနိုင်ပါတယ်။ ပြည်နယ်ရဖို့ကတော့ကွာ. တိဗက်-မြန်မာ၊ မွန်-ခမာ၊ ထိုင်း-တရုတ် ဘယ်လူမျိုးရေးအစုမှာမှ မပါရှိလို့ ရရန်အကြောင်းမရှိပါဘူး၊ မင်းတို့ရဲ့ဆွေစဉ်မျိုးဆက်ဟာ ဘယ်ကလာပါသလဲ၊ ဒီမရောက်ခင်က ဘယ်နေရာမှာနေခဲ့ပါသလဲ၊ အမောင်တောင်မှန်းမသိ၊ မြောက်မှန်းမသိတော့ မလုပ်ပါနဲ့ကွာ” လို့ ရေးလိုက်တဲ့နေ့ကစပြီး အလျဉ်း စာပြန်မလာတော့ဘူး စောမျိုးဆက်ရေ။
ခုလဲပဲ ရခိုင်နဲ့ ဘင်္ဂလားဟာ နယ်ခြားတွေထိကပ်နေတယ်။ ရခိုင်ဘုရင် နရမိတ်လှဟာ မင်းရဲကျော်စွာရန်ကိုကြောက်လို့ ဘင်္ဂလားနယ်ထဲဝင်ခိုနေရတော့ သားတော်တွေက မင်းခရီး မဟုတ်တော့ဘဲ အလီခင် တို့ အလီခန်တို့ ဖြစ်လာကြတော့တယ်။ ဟိုတုံးကလည်း ရှုပ်ရှုပ်၊ ခုလဲပဲ ရှုပ်ရှုပ်ကုန်တော့တာပေါ့လေ။ တနည်းအားဖြင့်တော့.. အစမကောင်းခဲ့တဲ့ ရခိုင်နဲ့ရိုဟင်ဂျာ ပြဿနာ ဆိုရင်မမှားပါဘူးကွယ်။ ကဲ.. ကဲ..
ဆက်ရန်
{[['']]}
Contact online
တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger