{[['
']]}
']]}
21 July 2014
DVB
ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ဌာနချုပ် ၀မ်ဟိုင်း အနီးတ၀ိုက်မှာ အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်တွေကြား ဒီကနေ့ တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။
ကျေးသီးမြို့နယ် ပန်စဲ့၊ လွယ်ရွဲ ကျေးရွာအနီး က တောအုပ်တွေမှာ ဒီကနေ့ မနက်စောစော ကနေ နေ့ခင်းထိ ရှမ်းပြည်တပ်မတော် ဌာနချုပ် အပြင်စည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နဲ့ စကခ – ၂၊ အရှေ့အလယ်ပိုင်း တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့တွေကြား တိုက်ပွဲပြန်ဖြစ်နေတယ်လို့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ပြောခွင့်ရ ဗိုလ်မှူးးကြီး စိုင်းလက ဒီဗွီဘီကို ပြောပါတယ်။
“ဒီကနေ့တော့ တမနက်လုံးပဲ။ မနက် ၆၊ ၇ နာရီလောက်ကနေပြီး နေ့ခင်း ၁၂ နာရီအထိ ဆက်တိုက်ဖြစ်နေတာပဲ။ အပြန်အလှန် လက်နက်ကြီးတွေနဲ့ရော ပစ်ကြတာ။ အပြင်စည်း လုံခြုံရေးတပ်နဲ့ဆို ၁ မိုင်၊ ၂ မိုင်လောက်ပဲ ဝေးတယ်။ သူတို့ နယ်မြေရှင်းလင်းရေး လုပ်တယ်။ အဲဒီနေရာနဲ့ ဖာဆောင်တ၀ိုက်မှာ သူတို့ ရှင်းလင်းရေး လှုပ်ရှားနေတယ်။”
ထိခိုက်ဒဏ်ရာရမှု အခြေအနေမှာတော့ စိစစ်နေဆဲဖြစ်လို့ အတိအကျ မပြောနိုင်သေးကြောင်း၊ အဲဒီနေရာဟာ ရွာနဲ့လည်း နီးလို့ လူနေအိမ်ခြေနဲ့ ရွာသားတွေအတွက် စိုးရိမ်တယ်လို့ သူကဆက်ပြောပါတယ်။
ဒီကနေ့ တိုက်ပွဲဖြစ်ပွားတဲ့ ပတ်ဝန်းကျင်တ၀ိုက်မှာ အစိုးရတပ်ရင်း ၁၀ ရင်းက အင်အား ၁၀၀၀ လောက် ၀င်ရောက်လှုပ်ရှားနေပြီး တိုက်ပွဲဖြစ်မှာကို စိုးရိမ်တဲ့ ရွာသား ၂၀၀ ကျော် ၀မ်ဝပ် ဘုန်းတော်ကြီးကျောင်းမှာ ထွက်ပြေးခိုလှုံနေကြပါတယ်။
ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဇွန်လက ဒီဒေသထဲမှာရှိတဲ့ ဖာဆောင်တံတားကနေ ဆုတ်ခွာသွားဖို့ စစ်တပ်က ညွှန်ကြားခဲ့ပြီး SSA မြောက်ပိုင်းကလည်း မိမိနေရင်းအရပ်ဖြစ်တဲ့အတွက် ဆုတ်မပေးနိုင်လို့ စစ်ရေးတင်းမာမှုတွေ ရှိခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က နေပြည်တော်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ ဦးသိန်းဇော်တို့နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ ကိုယ်စားလှယ်တွေ တွေ့ဆုံရာမှာ ထည့်သွင်းဆွေးနွေးခဲ့ပြီးလည်းဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်ကတော့ အက်စ်အက်စ်အေ ၀မ်ဟိုင်းတပ်တွေဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက်ကို လိုက်နာမှုမရှိဘဲ တပ်မတော် စစ်ကြောင်းကို အလစ်အငိုက်တိုက်ခိုက်ခဲ့တာလို့ ဇူလိုင် ၁၅ ရက်နေ့ ပြည်သူ့ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
ရှမ်းပြည်တပ်မတော်မြောက်ပိုင်းဘက်ကတော့ ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်ရဲ့ ဖြေကြားချက်တွေဟာ ဖြစ်ရပ်မှန်တွေနဲ့ ပြောင်းပြန်ဖြစ်နေတယ်လို့ အပစ်ခတ်ရပ် သဘောတူချက် စာချုပ်ပါ အချက်အလက်တွေကို ကိုးကားပြီး ဇူလိုင်လ ၁၈ ရက် မှာ ကြေညာချက် ထုတ်ပြန်ပြီး တုံ့ပြန်ခဲ့ပါတယ်။
ဒါ့အပြင် အက်စ်အက်စ်အေ မြောက်ပိုင်းအဖွဲ့အနေနဲ့ အပစ်ခတ်ရပ်စဲရေးသဘောတူညီမှု ခိုင်မာအောင် ဆောင်ရွက်သင့်တဲ့ အကြံပြုချက် ၅ ချက်၊ လတ်တလော စစ်ဘေးရှောင်ဒုက္ခသည်များ အခြေအနေ စတာတွေ ပါဝင်တဲ့ စာမျက်နှာ ၁၀ မျက်နှာရှိ အစီရင်ခံစာ တစောင်ကို ဇူလိုင် ၁၈ ရက်နေ့က အစိုးရဆီ ပေးပို့ထားပါတယ်။
=======
အပစ်ရပ်ဆွေးနွေးရန် တိုင်းရင်းသားခေါင်းဆောင်များ လိုင်ဇာရောက်
21 July 2014
DVB
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ထိပ်သီးခေါင်းဆောင်တွေဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချုပ် လိုင်ဇာကို ဒီကနေ့ ရောက်ရှိကြပြီဖြစ်ပါတယ်။
အစိုးရနဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေး ညှိနှိုင်းရေးအဖွဲ့ (အန်စီစီ တီ) အဖွဲ့ ၀င် ခေါင်းဆောင်တွေ ဟာ လာမယ့် ဇူလိုင်လ ၂၄ ကနေ ၂၆ ရက်နေ့အထိ လိုင်ဇာ မှာ တွေ့ဆုံဆွေးနွေးကြ ဖို့ ရှိနေတာပါ။
ဆွေးနွေးပွဲအတွက် တိုင်းရင်းသားခေါင်းဆောင်တချို့ လိုင်ဇာမှာကြိုတင် ရောက်ရှိနေကြပြီး ဒီဆွေးနွေးပွဲမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ဘယ်လိုပုံစံနဲ့ ထိုးမလဲဆိုတာကို အဓိကထား ဆွေးနွေးကြမယ်လို့ ကေအိုင်အို ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ပြောပါတယ်။
“အဓိကတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းအပေါ်မှာ သုံးသပ်မှုတွေ လုပ်မယ်၊ ပြီးတော့ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်ကို ဘယ်လိုပုံစံမျိုးနဲ့ လက်မှတ်ရေးထိုးနိုင်မလဲ၊ တကယ်လို့ လက်မှတ်ရေးထိုးပြီးသွားရင် ရှေ့လုပ်ငန်းစဉ်များ ဘယ်လိုဆက်ပြီး လုပ်သွားမလဲဆိုတဲ့အပိုင်းတွေကို ဆွေးနွေးသွားဖို့ ဖြစ်ပါတယ်။ လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ဘယ်လိုအချက်တွေကို တောင်းဆိုမလဲ၊ ဘယ်လိုညှိနှိုင်းမလဲဆိုတာကတော့ အစည်းအဝေးရဲ့ မျှော်မှန်းချက်ပေါ့။ တစုံလုံးအတွက်က တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးကို နှစ်ဖက်လက်ခံနိုင်တဲ့ အနေအထားမျိုးနဲ့ လက်မှတ်ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲ သွားနိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်က နှစ်ပိုင်းရှိတယ်လို့ ပြောလို့ရပါတယ်။”
ဒီဆွေးနွေးပွဲမှာ လက်နက်ကိုင်တိုင်းရင်သားခေါင်းဆောင်တွေအပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ခေါင်းဆောင်တွေကိုလည်း ဖိတ်ကြားထားပါတယ်။
ဒါပေမယ့် အန်စီစီတီအဖွဲ့ဝင်တွေ အရင်တွေ့ဆုံဆွေးနွေးပြီးမှ နောက်အစီစဉ်အနေနဲ့ အန်စီစီတီအဖွဲ့ဝင်မဟုတ်တဲ့ တခြားအဖွဲ့တွေနဲ့ ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ ဗိုလ်ချုပ်ဂွန်မော်က ပြောပါတယ်။
“အဓိက အန်စီစီတီအဖွဲ့ဝင်များရဲ့ ထိပ်သီးခေါင်းဆောင်များ၊ ဒုတိယပိုင်းအစီအစဉ်က အန်စီစီတီထဲမှာ မပါတဲ့ တခြားသော လက်နက်ကိုင် တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်များဆိုပြီး နှစ်ဖွဲ့လုံးကို ဖိတ်ထားတယ်။ အန်စီစီတီအဖွဲ့အစည်းအသီးသီးက ထိပ်သီးခေါင်းဆောင်များက ပထမပိုင်း အစည်းအဝေးလုပ်ပြီး ဒုတိယပိုင်း နောက်ရက်တွေမှာ အန်စီစီတီအဖွဲ့ဝင်မဟုတ်တဲ့ တခြားအဖွဲ့အစည်းတွေက ထိပ်သီးခေါင်းဆောင်တွေ ပါဝင်ဆွေးနွေးဖို့ ဖြစ်ပါတယ်။”
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ကို ၂၀၁၃ အောက်တိုဘာလ ၃၀ ကနေ နိုင်ဘာလ ၂ ရက်နေ့အထိ လိုင်ဇာမှာ ကျင်းပတဲ့ တိုင်းရင်းသားညီလာခံမှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့ဝင် ၁၆ ဖွဲ့ရှိပါတယ်။
အန်စီစီတီအဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ကေအန်ယူအထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းကလည်း ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့ မျှော်လင့်ချက်ကို အခုလို ပြောပါတယ်။
“ကျနော်တို့ တပြည်လုံးအပစ်အခတ်ရပ်စဲရေးမှာ ရရှိထားတဲ့ ဒုတိယမူကြမ်းအပေါ်မှာ ညှိနှိုင်းပြီးတော့ အန်စီစီတီက ဆုံးဖြတ်လို့မရတဲ့ဟာတွေကို တိုင်းရင်းသားခေါင်းဆောင်တွေ ဆုံးဖြတ်ပေးမယ်ဆိုရင် ပိုပြီးတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို ရရှိနိုင်မယ့်သဘောထားကို ရမယ်လို့ မျှော်လင့်တယ်။ ”
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့ ပထအကြိမ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံကို ကေအိုင်အိုဌာနချုပ် လိုင်ဇာမှာ ၂၀၁၃ အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလဆန်းမှာပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် တိုင်းရင်းသား ညီလာခံကို ကေအန်ယူထိန်းချုပ်ရာ နယ်မြေ လော်ခီးလာမှာ ၂၀၁၄ ဇန်န၀ါရီလ ကုန်ပိုင်းက ပြုလုပ်ခဲ့ဖူးပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရဟာ ၂၀၁၁ ခုနှစ် သြဂုတ်လက စတင်ပြီး တပြည်လုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးညှိနှိုင်းခဲ့ရမှာ ၁၄ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရထားပြီးဖြစ်ပါတယ်။
ဒီကနေတဆင့် တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေး ထိုးနိုင်ဖို့ ဆက်လက် ကြိုးပမ်းဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။
========
ကုလအထူးကိုယ်စားလှယ် ဝိုင်းမော်နှင့် ဗန်းမော်ရှိ ကချင်ဒုက္ခသည်များနှင့် တွေ့ဆုံ
Monday, 21 July 2014
မဇ္ဈိမ
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ (Ms.Yanghee Lee)သည် ကချင်ပြည်နယ်၊ ဝိုင်းမော်နှင့် ဗန်းမော်က ဒုက္ခသည်စခန်းများကို ဇူလိုင်လ ၂၁ရက်က သွားရောက်ကာ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။
"ခုဝိုင်းမော်ဘက်က ဒုက္ခသည်တွေဆီသွားနေပါတယ်။ ပြီးတော့ ဗန်းမော်ကို ဆက်သွားနေပါတယ်။ အဲဒီမှာလည်း IDP တွေဆီသွားပါမယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ(ရန်ကုန်)မှ သတင်းနှင့် ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက မဇ္ဈိမကို ပြောသည်။
ကုလအထူးကိုယ်စားလှယ် ယန်ဟီးလီက ဇူလိုင်လ ၂၂ရက်တွင်မူ ကချင်ပြည်နယ်ရှိ အဖွဲ့အစည်းများနှင့် တွေ့ဆုံသွားမည်ဟု ဦးအေးဝင်းက ပြောသည်။ သို့သော် မည်သည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံမည့် အသေးစိတ်ကိုမူ ပြောကြားခြင်းမရှိပေ။ ယင်းအပြင် ဝိုင်းမော်နှင့် ဗန်းမော်ရှိ ကချင်ဒုက္ခသည်များနှင့် တွေ့ဆုံသည့် အခြေအနေကိုမူ မဇ္ဈိမက မေးမြန်းရန် ဦးအေးဝင်းအား ညနေပိုင်းတွင် ထပ်မံ ဆက်သွယ်သော်လည်း အဆက်အသွယ် မရခဲ့ပေ။
ယန်းဟီးက ဇူလိုင်လ ၂၁ရက် နံနက်ပိုင်းတွင်မူ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အစိုးရအဖွဲ့ရုံးတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းအပါအဝင် အစိုးရအဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံကာ ကချင်ဒုက္ခသည်များအရေး၊ တရားစီရင်ရေးကိစ္စ၊ မိုင်းရှင်းလင်းရေးကိစ္စ၊ မြေယာအရေးနှင့် အမျိုးသမီးများအား အဓမ္မပြုကျင့်ခံရမှု ရှိမရှိ စသည့် မေးခွန်း ၁၀ခုကို မေးမြန်းခဲ့သည်ဟု ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်ဘောက်ဂျာက မဇ္ဈိမကို ပြောသည်။
“ကျွန်မတို့ ဝန်ကြီးချုပ် ပြောသွားတာက Reasonable (ကျိုးကြောင်းဆီလျော်) ဖြစ်ပါတယ်။ ဥပမာ မြေယာဆုံးရှုံးမှု ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့ ပြည်နယ်ဟာ မအေးချမ်းတဲ့ ပြည်နယ်ဖြစ်တဲ့အတွက် မြေယာ ဆုံးရှုံးမှုကိစ္စတွေ သိပ်မရှိပါဘူး။ ဝန်ကြီးချုပ် ဖြေပေးပါတယ်”ဟု ဒေါ်ဘောက်ဂျာက ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီ(Ms.Yanghee Lee)သည် ကချင်ပြည်နယ်၌ ဇူလိုင်လ ၂၁ရက်နှင့် ၂၂ရက် နှစ်ရက်ကြာ နေထိုင်ကာ အစိုးရအဖွဲ့၊ ဒုက္ခသည်များအပါအဝင် အဖွဲ့အစည်းအသီးသီးနှင့် တွေ့ဆုံမည်ဖြစ်သည်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ဇူလိုင်လ ၁၇ရက်တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်ပြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်တို့နှင့် ရန်ကုန်တွင် တွေ့ဆုံခဲ့ပြီး အင်းစိန်ထောင်ကို သွားရောက်ကာ နိုင်ငံရေးအကျဉ်းသားများနှင့် တွေ့ဆုံခဲ့သည်။
ဇူလိုင်လ ၁၈ရက်နှင့် ၁၉ရက်တွင် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ၂၁ရက်နှင့် ၂၂ရက်တွင် ကချင်ပြည်နယ်၌ ရှိနေမည်ဖြစ်ကာ သူမ၏ ခရီးစဉ်အတွင်း အစိုးရတာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါဝင် လွှတ်တော်ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။ ကုလအထူးကိုယ်စားလှယ်သည် ၂၆ရက်၌ မြန်မာနိုင်ငံမှ ပြန်မည်ဖြစ်ပြီး လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။
သူမ၏ မြန်မာနိုင်ငံအတွင်း ၁၀ရက်ကြာ လာရောက်ပြီး တွေ့ရှိချက်များကို ၆၉ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ အစီရင်ခံစာ တင်သွားမည်ဖြစ်သည်။
မစ္စယန်ဟီးလီသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနား၏ နေရာတွင် အစားထိုးဝင်ရောက် လာသူဖြစ်သည်။

Post a Comment