Latest Movie :
Home » » တစ်ဦးပေါ် တစ်ဦး အခေါ်အဝေါ်နှင့် ပက်သက်၍

တစ်ဦးပေါ် တစ်ဦး အခေါ်အဝေါ်နှင့် ပက်သက်၍

{[['']]}

တစ်ဦးပေါ် တစ်ဦး အခေါ်အဝေါ်နှင့် ပက်သက်၍















ကျွန်တော် တိုင်းရင်းသားကိစ္စတွေ တော်ရုံတန်ရုံ ပြောလေ့မရှိပါဘူး၊ အကဲဆတ်တဲ့ ကိစ္စ၊ ထိရှလွယ်တဲ့ ကိစ္စ၊ ကိုယ်အပြော မတတ်ရင် နားလည်မှု လွဲနိုင်တဲ့ ကိစ္စမို့ ပြောလေ့မရှိဘဲ တတ်နိုင်သမျှ ရှောင်ပါတယ်။ ဒါပေမယ့် နားလည်မှုလွဲတာမျိုး သိပ်မဖြစ်နိုင်တဲ့ အပြုသဘော ဆောင်မယ်ထင်တဲ့ အကြောင်းအရာ တစ်ခုကို အခု ပြောချင်ပါတယ်။ တိုင်းရင်းသားလူမျိုး အချင်းချင်း ကြားမှာ လူမျိုး နာမည် ခေါ်တဲ့ အခါမှာ မကြိုက်တဲ့ နာမည် မခေါ်မိစေဖို့ပါ။

(၁) မွန်လူမျိုးတွေကို တလိုင်းလို့ မခေါ်ကြစေချင်ပါ၊ တလိုင်း ဆိုတာ ကပြား လို့ အဓိပ္ပါယ်ရလို့ မွန်လူမျိုး စစ်စစ်တွေက မကြိုက်ပါ။

(၂) တအောင်း လူမျိုးတွေကလည်း ပလောင် လို့ခေါ်ခံရတာကို မနှစ်သက်ပါ။ ဒါပေမယ့် တအောင်း ဆိုတဲ့ နာမည် သိပ်ပြီး မတွင်ကျယ်သေးတဲ့ အတွက် မသိမှာစိုးလို့ တအောင်း(ပလောင်) လို့ သုံးကြရပါတယ်။ တတ်နိုင်သမျှ သူတို့နှစ်သက်တဲ့ အမည်ကို သာ တွင်ကျယ်အောင် ခေါ်စေချင်တယ်။

(၃) ကယန်း လူမျိုးတွေလည်း ပဒေါင် လို့ ခေါ်တာ မကြိုက်ပါ။ ကယန်း လူမျိုးမှာ လူမျိုးစု လေးခု ရှိပါတယ်၊ အဲဒီ့ထဲက ကယန်းလဟွီတွေကို ရှမ်းလူမျိုးတွေက လည်းပင်းမှာ ကြေးကွင်းတွေ ပတ်တဲ့အတွက် ပဒေါင် (ပတ်တောင်း= ကြေးပတ်သောသူ) လို့ ခေါ်ခဲ့တာပါ။ သူတို့နာမည် မဟုတ်တဲ့အတွက် အခေါ်ခံရတဲ့ ကယန်းတွေက မကြိုက်ပါ။ မတွင်ကျယ်သေးတဲ့ အတွက် ကယန်း(ပဒေါင်) လို့ သုံးကြရတာ ရှိပေမယ့်
ကယန်းလို့သာ ခေါ်စေချင်တယ်။

(၄) ရင်ဘတ်မှာ ငွေးပြားတွေ ဆင်မြန်းလေ့ရှေ့တဲ့ ကယန်းကငံ တွေကိုလည်း ယင်းဗော် လို့ခေါ်ကြပေမယ့် သူတို့ကလည်း ကယန်းလို့ပဲ ခေါ်မှ ကြိုက်ပါတယ်။

(၅) ကယန်းလထာ လူမျိုးတွေကိုလည်း သူတို့ ဆံပင်ပုံစံကို ကြည့်ပြီး ဇယိမ်း (ဇယိန်) လို့ ခေါ်ကြပေမယ့် သူတို့ကတော့ လထာ(လာ့တ) လို့ ခေါ်မှ ကြိုက်ပါတယ်။

(၆) ကယားလူမျိုး ရဲ့ အမည်ကတော့ အငြင်းပွားမှု အနည်းငယ်ရှိပါတယ်၊ အချို့က ယခု ကယားပြည်နယ်မှာ နေထိုင်တဲ့ လူမျိုးစု(၁၀)ခု စလုံးရဲ့ စုပေါင်း အမည်ဟာ ကရင်နီ ဖြစ်တယ်၊ အဲဒီ့ထဲကမှ လူမျိုးစုတစ်ခုရဲ့ နာမည်ဟာ ကယားဖြစ်တယ်၊ ဒါကြောင့် အားလုံးကို ခြုံပြီး ခေါ်ရင် ကရင်နီ လို့ ခေါ်ရမယ်လို့ဆိုတယ်။ တချို့ကလည်း ကရင်နီနဲ့ ကယား ဆိုတာတူတူပဲ လူမျိုးကြီးတစ်ခုတည်းကို ခေါ်တာလို့ ဆိုကြတယ် (မြန်မာ ၊ ဗမာ ပြဿနာ လိုပါပဲ)။ ကယားပြည်နယ်က မိတ်ဆွေတွေနဲ့ စကားပြောကြည့်တော့ သူတို့ကတော့ ကယားလို့ ခေါ်မယ်ဆိုလည်း ကြိုက်တယ်၊ ဒီနေ့ ဒီအချိန်မှာ ကယားလို့ ခေါ်လိုက်ရင် သူတို့ကို ရည်ညွှန်းကြောင်း သိနေတာပဲလို့ဆိုတယ်၊ ဒါပေမယ့် သံလွင် အရှေ့ရှမ်း က လူငယ်တွေကတော့ ကရင်နီ လို့ ခေါ်မှ ကြိုက်လိမ့်မယ်လို့ သတိပေးပါတယ်။ ဒါကြောင့် ကရင်နီ လို့ ခေါ်မှ ကြိုက်တဲ့ လူတွေ ရှိသလို၊ ကယားလို့ ခေါ်ရင်လည်း ကြိုက်တဲ့ လူတွေ ရှိနေပါတယ်။ နောင်တစ်ချိန်တော့ အများဆန္ဒနဲ့ သူတို့နှစ်သက်ရာ နာမည်ကို သူတို့ကိုယ်တိုင် ရွေးချယ်သတ်မှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

(၇) ပအိုဝ်း လူမျိုးတွေလည်း တောင်သူလို့ ခေါ်ရင် မကြိုက်ပါ။ အခုတော့ တောင်သူ ဆိုတဲ့နာမည်တောင် သိပ်မသိကြတော့ပဲ ပအိုဝ်းလို့ ပဲ ကျယ်ကျယ်ပြန့်ပြန့် ခေါ်နေကြပါပြီ၊ ကောင်းပါတယ်။

(၈) အာခါ (အခါ) လူမျိုးတွေလည်း အာခါ နဲ့ အီကော(ကော်) ဆိုတဲ့အမည်တွေမှာ ဘယ်လိုခေါ်တာပိုကြိုက်သလဲဆိုတာ အငြင်းပွားမှု ရှိပါတယ်။ သူတို့တွေရဲ့ ဆန္ဒကို သေချာစုံစမ်းပြီး နှစ်သက်တဲ့ အမည်သာ ခေါ်သင့်ပါတယ်။

 (၉) မနေ့ကမှ သိရတာ တစ်ခုက ရခိုင်လူမျိုးတွေကို တခါတလေ နောက်ပြောင်ပီး ရခီး လို့ခေါ်တာ (ရခီး=ရခိုင်စုတ်) လို့ အဓိပ္ပါယ်ရလို့ လုံးဝ မခေါ်ဘဲ ရှောင်ရှားကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော်တို့တွေ သူငယ်ချင်း အချင်းချင်း ပြောမနာ ဆိုမနာ ရင်းနှီးကြပီဆိုရင် လူတစ်ဦးချင်းစီကို ဘယ်လောက်ပဲ နစ်နစ်နာနာပြောပြော၊ နာမည်ပြောင် ပေးပေး ပြဿနာ မရှိပါဘူး၊ ဒါပေမယ့် လူမျိုးကို ထိခိုက်တဲ့ နာမည်မျိုး မဖြစ်အောင် ဆင်ခြင်သင့်ပါတယ်။

အခြားတိုင်းရင်းသားတွေနဲ့ သူတို့မနှစ်သက်တဲ့ အမည်တွေ ထပ်မံဖြည့်စွက်ပေးကြပါ။ လွဲမှားနေရင်လည်း ထောက်ပြပေးကြ စေချင်ပါတယ်။


ခင်မင်လေးစားလျက်
Share this article :

Post a Comment

Contact online

တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger