Latest Movie :
Home » » စောဘဦးကြီးမူ (၄) ရပ် နှင့် KNU နိုင်ငံရေး လမ်းစဉ်

စောဘဦးကြီးမူ (၄) ရပ် နှင့် KNU နိုင်ငံရေး လမ်းစဉ်

{[['']]}

စောဘဦးကြီးမူ (၄) ရပ် နှင့် KNU နိုင်ငံရေး လမ်းစဉ်

အချိန်ကား ၁၉၅၀ ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့ -

နဘူးမြို့နယ် ထိုကော့ကိုး ကျေးရွာ အနီး လယ်တဲ တတဲတွင် ကရင် အမျိုးသား သစ္စာဖေါက် ထီးစွမ်း ရွာသား မောင်အဲ၏ သစ္စာဖေါက် သတင်းပေး မှုကြောင့် ရန်သူ တပ်မှ ဥက္ကဌ စောဘဦးကြီး၊ ဗိုလ်ချုပ် စိုင်းကေနှင့် အပေါင်းပါ တို့သည် တော်လှန်ရေး တာဝန် ထမ်းဆောင်ရင်း ရန်သူ၏ ၀ိုင်းရံ ပစ်ခတ်မှု ခံရ၍ ကျဆုံး သွားခဲ့သည်။

ဥက္ကဌ စောဘ ဦးကြီးသည် အင်အား နည်းသော်လည်း သူကိုယ်တိုင် ချမှတ်သည့် မူ (၄) ချက် အရ ရန်သူကို အရှုံးမပေး အညံ့မခံ လက်မမြှောက်ဘဲ ရှိသည့် လက်နက်များဖြင့် ရဲရင့်ပြတ်သားစွာ ပြန်လှန် ခုခံ တိုက်ခိုက်ရင်း ဂုဏ်ပြောင် မြောက်စွာ ကျဆုံးသော နေ့ဖြစ်သည်။

၎င်း၏ မူ (၄) ချက်မှာ
၁။ လက်နက်ချ စကား အလျဉ်း မပြောရ။
၂။ ကရင့် လက်နက် ကရင့် လက်ထဲတွင် ရှိရမည်။
၃။ ကရင့် ကံကြမ္မာ ကရင် ဖန်တီးမည်။
၎။ ကရင်ပြည်ကို အသိအမှတ် ပြုခြင်း ပြီးပြည့်စုံ စေရမည် - ဟူ၍ ဖြစ်သည်။

ထို သြဂုတ်လ (၁၂) ရက်နေ့ကို ကရင့် အမျိုးသား အာဇာနည်နေ့ဟု သတ်မှတ်လျှက် ဥက္ကဌ စောဘဦးကြီးကို ရည် ညွှန်းသည် သက်သက် မဟုတ်ဘဲ ကရင့် လက်နက်ကိုင် တော်လှန်ရေးတွင် ဂုဏ်ပြောင်စွာ အသက်ပေးလှူ သွားသူများ အားလုံးကို ရည်ညွှန်း ချီးကျူး ဂုဏ်ပြုသော နေ့ဖြစ်သည်။

ထိုမှ စဉ်ဆက်၍ ကရင် အာဇာနည်နေ့ အဖြစ် သတ်မှတ်ကာ နှစ်စဉ် ဂုဏ်ပြု အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ ခဲ့သည်မှာ (၆၃) နှစ် သို့တိုင် ရောက်ရှိပြီ ဖြစ်သည်။

သို့သော်လည်း လက်ရှိ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲ နေဆဲ ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံးမှ ခေါင်းဆောင် များက ၄င်းစောဘဦးကြီး ချမှတ် ခဲ့သည့် မူများ အတိုင်း အကောင်အထည် ဖော်နိုင် လေမည်လား ? ကရင့် လက်နက်ကိုင် တော်လှန်ရေး၏ အန္တိမ ရည်မှန်းချက် များက ဘာတွေ ဖြစ်လေ မည်နည်း ? စသည့် ကေအန်ယူ၏ နိုင်ငံရေး ရပ်တည်ချက်၊ သဘောထား မှတ်ချက် များကို ရွှေဟင်္သာ သတင်း ဌာနမှ ကရင် အမျိုးသား အစည်းအရုံး တွဲဖက် အတွင်းရေးမှူး (၂) ဗဒိုမန်းမန်း အား ဆက်သွယ် မေးမြန်း ထားသည် များကို တင်ပြ ပေးလိုက် ပါသည်။

ရွှေဟင်္သာသတင်းဌာန (မေး) – ကေအန်ယူ လက်နက်ကိုင် တော်လှန်ရေး ရည်ရွယ်ချက်ကို ပြောပြ ပေးနိုင်မလား ?

ဗဒိုမန်းမန်း (ဖြေ) - KNU နဲ့နိုင်ငံရေး လမ်းစဉ် လုပ်ငန်းစဉ် ကတော့ တိုင်းရင်းသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ပဲ။ အဓိက အဲဒါပဲ၊ ဖယ်ဒရယ် တည်ဆောက်ဖို့ အဓိက အခြေခံ နှစ်ချက်ပေါ့။

ရွှေဟင်္သာသတင်းဌာန (မေး) – ဘယ်အတိုင်းအတာ ရောက်မှ လက်နက်ကိုင် တောင်လှန်ရေးကို အဆုံးသတ် သွားမှာလဲ ?

ဗဒိုမန်းမန်း (ဖြေ) - အဓိက ကတော့ အမျိုးသား တန်းတူရေး၊ တစ်ဆက် တည်းမှာ ဒီမိုကရေစီ အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို တည်ဆောက် နိုင်မယ် ဆိုတဲ့ အဲဒီ အခြေခံတဲ့ ကေအန်ယူ လမ်းစဉ် လုပ်ငန်းစဉ် အပေါ်မှာတော့ ကျွှန်တော်တို့ တော်လှန်ရေး ရည်မှန်းချက် အဓိက ပန်းတိုင်ပဲ။

ရွှေဟင်္သာသတင်းဌာန (မေး) – KNU ရဲ့ အခြေခံ နိုင်ငံရေး လမ်းစဉ်ကို ဆရာ့ အနေနဲ့ ပြောကြား ပေးနိုင်မလား?

ဗဒိုမန်းမန်း (ဖြေ) - ကရင်အမျိုးသား ထဲမှာ ကိုယ့်ရဲ့ ပြည်နယ် ဆိုတာ ရှိရမယ်၊ ကရင်ပြည်နယ် ပေါ့နော်၊ နောက်ပြည်နယ်ပေါင်းစု ပြည်ထောင်စု ဆိုတဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့ ဖြစ်တယ်။ အခြေခံ ကတော့ အဲဒါ ပါပဲ။

ရွှေဟင်္သာသတင်းဌာန (မေး) – ဆရာတို့ ရည်မှန်းထားတဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက် လာခဲ့မယ် ဆိုရင် ကရင် အမျိုးသား တွေအနေနဲ့ ဘယ်အခန်း ကဏ္ဍကနေ ပူးပေါင်း ပါဝင် လုပ်ဆောင် သွားမလဲ ?

ဗဒိုမန်းမန်း (ဖြေ) - ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေး ဆိုတာ ပြည်ထောင်စုရဲ့ အခြေခံ အနှစ်သာရ ပဲပေါ့။ ကျနော်တို့ နိုင်ငံဟာ တိုင်းရင်းသား ပေါင်းစုံ ရှိတဲ့ အပေါ်မှာ တိုင်းရင်းသား တွေရဲ့ ဖယ်ဒရယ် ပြည်ထောင်စု စနစ်နဲ့ တိုင်းရင်းသား အားလုံး အတူတကွ ယှဉ်တွဲနေထိုင် နိုင်ဖို့ ဒီမိုကရေစီ ပီပြင်ဖို့ စနစ် ကိုတော့ ကျနော်တို့ နိုင်ငံကို တည်ဆောက် ပြီးတော့ ဒါဟာ ခြေလှမ်း တက်ရမှာ ဖြစ်ပါတယ်။

ရွှေဟင်္သာသတင်းဌာန (မေး) – ဖက်ဒရယ် ပြည်ထောင်စု စနစ် ပေါ်ပေါက် လာမယ် လို့ရော ဆရာတို့ ယုံကြည် ထားလား ?

ဗဒိုမန်းမန်း (ဖြေ) - ဒါက မဖြစ် မနေ မလွဲ မသွေ ရရှိ ရမယ့် ကိစ္စ၊ ဘာဖြစ်လို့လဲ ဆိုတော့ ကနေ့ ကျွှန်တော်တို့ တိုင်းရင်းသား အားလုံးကလည်း အဲဒီ အပေါ်မှာပဲ အခြေခံ ကြပါတယ်။ လွတ်လပ်ရေး မရခင် ကတည်းက၊ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ထိတော့ ကျနော်တို့က ဖယ်ဒရယ် ပြည်ထောင်စု သွားမယ် ဆိုတာ ကတော့ သွားလည်း သွားရမယ့် အနေအထားမှာ ရှိတယ်။ သို့သော်လည်း ကျနော်တို့ ခေတ် အဆက်ဆက်က အာဏာရှင်ရဲ့ စနစ်ကြောင့် သို့တည်း မဟုတ် လူမျိုးကြီး ဝါဒ စနစ်တွေကြောင့် ကနေ့ ထက်ထိ ကျနော်တို့ရဲ့ မျှော်မှန်းထားတဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို ရဖို့အတွက် ကျနော်တို့ တိုက်ပွဲ ဝင်နေရတာ ဖြစ်ပါတယ်။

ရွှေဟင်္သာသတင်းဌာန (မေး) – KNU ဆိုတာကရော ဘယ်လို အခြေခံ ပြီးတော့ ဖြစ်ပေါ်လာ တာလဲ ?

ဗဒိုမန်းမန်း (ဖြေ) - KNU ကတော့ ကျနော်တို့ စတည် ကတည်းက ၁၈၈၁ ခုနှစ် Karen Nation Association က စခဲ့တယ်။ အဲဒီကနေ တစ်ဆင့်ပြီး တစ်ဆင့် စပြီး ကိုလိုနီ ကာလ၊ ဗြိတိသျှ အုပ်ချုပ်ရေး ကာလ၊ ဗမာပြည်ရဲ့ တော်လှန်ရေး ကာလ ကနေ တဆင့်ပြီး တစ်ဆင့် KNA ရယ် နောက် KRC ရယ် KYO ဆိုတဲ့ ကရင် အမျိုးသားစုတွေ အားလုံးကနေ ပြန်ပေါင်းစု ပြီးတော့ ကရင် အမျိုးသား အစည်းအရုံး ဆိုပြီး ဖြစ်လာတယ်။ ကရင်အမျိုးသား အစည်းအရုံး ဆိုတာ အရင်ကတည်းက ရှိခဲ့ပါတယ်၊ ကနေ့လည်း ရှိနေပါတယ်။

ရွှေဟင်္သာသတင်းဌာန (မေး) – KNU အနေနဲ့ စောဘဦးကြီးမူ အတိုင်း ဆောင်ရွက် သွားမယ်လို့ ရည်မှန်း ထားပါသလား ?

ဗဒိုမန်းမန်း (ဖြေ) - စောဘဦးကြီး ချမှတ် ထားတဲ့ လမ်းစဉ် အတိုင်း သူကျဆုံး သွားပြီးနောက် စောဘဦးကြီးရဲ့ မူလမ်းစဉ် အတိုင်း ကျနော်တို့ ဒီကနေ့အထိ လုပ်ဆောင် နေပါတယ်။

ရွှေဟင်္သာသတင်းဌာန (မေး) – ကရင့် တော်လှန်ရေး အောင်မြင်နိုင်ခြေနဲ့ ရှူံးနိမ့်နိုင်မယ့် အနေအထားကို ဘယ်လို သုံးသပ် ပါလဲ ?

ဗဒိုမန်းမန်း (ဖြေ) - စောဘဦးကြီး မိန့်ကြား ထားတဲ့ ကရင့် တော်လှန်ရေး ဆိုတာက အောင်မြင်နိုင်မဲ့ လမ်းကြောင်းက ၃ ကြောင်း ရှိပါတယ်။ ဆုံးရှုံး နိုင်မဲ့ လမ်းကြောင်းက ၁ ကြောင်းပဲ ရှိပါတယ်။

အောင်မြင်နိုင်မဲ့ လမ်းကြောင်း ၃ ကြောင်း ဆိုတာက ဗမာက နေပြီးတော့မှ စေတနာရှိ သနားမယ် ဆိုပြီး ရနိုင်မယ့် လမ်းကြောင်း တစ်ကြောင်း၊ ကျနော်တို့ တိုက်ပွဲ ဝင်ပြီး တိုက်ယူလို့ ရမယ့် လမ်းကြောင်းက တစ်ကြောင်း၊ နိုင်ငံတစ်ကာရဲ့ ဖိအားကြောင့် ရနိုင်တဲ့ လမ်းကြောင်းက တစ်ကြောင်းပေါ့။ ကျနော်တို့ မြင်တာကတော့ စောဘဦးကြီး မျှော်မှန်း ထားတဲ့ ကရင့်တော်လှန်ရေး အောင်နိုင်တဲ့ လမ်းကြောင်း ၃ ကြောင်းဟာ (၃) ခု စလုံးမှာ တစ်ချိန် တည်းမှာပဲ ဖြစ်ပေါ် နေရမှာ ဖြစ်ပါတယ်။ ဗမာတွေ ဘက်ကလည်း ဒီကရင် ပြည်နယ်ကို ပေးဖို့ ကရင်တွေကို အသိအမှတ် ပြုပေးဖို့ ဆိုတာကိုသူတို့ရဲ့ စေတနာ ပါဖို့ လိုတယ်။

သို့သော်လည်းပဲ ရှုံးနိုင်မယ့် လမ်းကြောင်းက စောဘဦးကြီးက ဘာပြော သလဲ ဆိုတော့ ကရင် လူမျိုးတွေက ရန်ကုန်မှာ သွားပြီးတော့မှ လည်စင်း ခံမယ် ဆိုရင်တော့ ကျဆုံးနိုင်မယ့် လမ်းကြောင်းပါပဲ။ ဆိုလိုတာက သူပြောသွားတဲ့ မိန့်ခွန်း ကတော့ ကျနော်တို့ ကရင့်တော်လှန်ရေးဟာ ရန်ကုန်မှာ လည်စင်း မသွားခံ သ၍တော့ ဘယ်တော့မှ မရှုံးပါဘူး။ အခုအချိန် ကာလမှာ နေပြည်တော်မှာ လည်စင်း သွားမခံဘူး ဆိုရင် မကျရှုံး နိုင်တဲ့ သဘောပေါ့။

ဒါကြောင့် ကျနော်တို့က ဒီကနေ့က တကယ် အရေး ကြီးတဲ့ အခြေအနေ အချိန်အခါ ရောက်ပြီ ဖြစ်တယ်။ နိုင်ငံတကာ ကလည်းပဲ ဖိအားတွေ ရရှိပြီး ဖြစ်တယ်။ ကျနော် တို့ရဲ့ နှစ်ပေါင်း ၆၀ ကျော် တိုက်ပွဲ ဝင်လာ ထားတဲ့ ကရင့် တော်လှန်ရေးက တိုက်ပွဲရဲ့ အောင်ပွဲ အဆင့်ဆင့် မှာလည်း ရှိခဲ့သလို ဗမာ လူမျိုး တွေထဲ မှာလည်းပဲ ကျနော်တို့ကရင် လူမျိုးတွေ အပေါ်မှာ တစ်နည်း အားဖြင့် တိုင်းရင်းသား တွေ အပေါ်မှာ နားလည် စာနာ တတ်တဲ့ ဗမာ လူမျိုးတွေလည်း အများကြီး ရှိပါတယ်။ ဗမာ လူမျိုးရေး ဆိုပြီး လူထု လူတန်းစားတွေ အုပ်ချုပ်တဲ့ လူတန်းစားတွေ ဒါကို သိရှိ နားလည် နိုင်ကြတဲ့ လူတွေ ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ ကရင့် တော်လှန်ရေးပဲ ပြောပြော တိုင်းရင်းသား တွေရဲ့ မျှော်မှန်းတဲ့ ရည်မှန်းချက်က မကြာခင်မှာ အောင်ပွဲ ခံမှာ ဖြစ်ပါတယ်။

ရွှေဟင်္သာသတင်းဌာန (မေး) – ကရင်ပြည်နယ်ကို သီးခြား ပြည်နယ် အဖြစ် တောင်းဆိုမှု မျိုးကိုရော လုပ်ဆောင် သွားမလား ?

ဗဒိုမန်းမန်း (ဖြေ) - ကျနော်တို့က ကရင်ပြည်နယ်ကို သီးခြား ပြည်နယ် ရယ်လို့ မပြောပါဘူး။ ဖယ်ဒရယ် ပြည်ထောင်စုရဲ့ အဝန်း အဝိုင်း အောက်မှာပဲ တည်ဆောက် သွားမှာ ဖြစ်ပါတယ်။

ဒါပေ မယ့်လည်း ကျနော်တို့ ပြည်နယ် ခွဲဝေတဲ့ သတ်မှတ်တဲ့ နေရာ မှာတော့ တိုင်းရင်းသား ပြည်နယ်နဲ့ တိုင်းရင်းသားများ ပြည်နယ်ဆိုပြီး ဖယ်ဒရယ် ပြည်ထောင်စုကို အခြေခံ ပြီးတော့မှ တစ်နိုင်ငံလုံးမှာ ကျနော်တို့ပြည်နယ် အဆင့်ကိုပဲ သတ်မှတ်မှာ ဖြစ်ပါတယ်။ တိုင်းဆိုတာ မျိုးကို ကျနော်တို့ မထားတော့ဘူး။ ဆိုတော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် ရှိမယ်။ ထိုနည်းတူစွာ ဗမာပြည်နယ် မဖြစ်မနေ ရှိရမယ့် အခြေအနေ ရှိသလို တိုင်းရင်းသား လူမျိုးများ စုပေါင်း နေထိုင် နေကြတဲ့ ဧရာဝတီတိုင်းလိုမျိုး ဆိုရင် ကရင် လူမျိုးတွေ အများဆုံး ဖြစ်တယ်။ ဒါတွေကို ကျနော်တို့က တိုင်းရင်းသားများ ပြည်နယ် အဖြစ် တစ်နည်း အားဖြင့် ဧရာဝတီပြည်နယ် အဖြစ်ခေါ်ဆို သတ်မှတ် ပြီးတော့ ပြည်နယ် အားလုံးမှာ တန်းတူ ညီတူ ရှိတဲ့ သူ့ရဲ့ အဆင့်အတန်း တွေကိုပဲ ကျနော်တို့ခွဲဝေ သတ်မှတ် ထားရမှာဖြစ်ပါတယ်။

ရွှေဟင်္သာသတင်းဌာန (မေး) – KNU ရဲ့ လက်နက်ကိုင် တော်လှန်ရေး ကရော ဘယ်လို စတင်ပြီးတော့ ဖြစ်ပေါ် လာတာလဲ ?

ဗဒိုမန်းမန်း (ဖြေ) - KNU တော်လှန်ရေးက ကရင့် အမျိုးသားတွေရဲ့ အခွင့်အရေး ကရင် အမျိုးသား တွေရဲ့ တန်းတူရေး ဆိုတဲ့ အပေါ်မှာ လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ ကျနော်တို့က ပထမဆုံး ကရင် အမျိုးသား များကနေပြီးတော့မှ ကရင်ပြည်ကို သတ်မှတ်ဖို့ ဆိုတဲ့ ငြိမ်းချမ်းစွာ ဆန္ဒ ပြခဲ့တာ ဖြစ်တယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြ ပြီးတော့မှ နှိမ်နှင်း ခံရတဲ့ အပေါ်မှာမှ ကိုယ့်လူမျိုးကို ပြန်လည် ခုံခံ ကာကွယ်ဘို့ အတွက် ၁၉၄၉ ခုနှစ်မှာ လက်နက်ကိုင် တော်လှန်ရေးကို စတင် ခဲ့တာ ဖြစ်တယ်။

ရွှေဟင်္သာသတင်းဌာန (မေး) – အနာဂါတ်မှာ ကရင် ပြည်သူ တွေအတွက် ကရင်အမျိုးသား အစည်းအရုံးက ဘာများ အကျိုးပြု လုပ်ဆောင် သွားဖို့ ရှိလဲ ?

ဗဒိုမန်းမန်း (ဖြေ) - အနာဂတ် ပြည်သူတွေ အတွက် ကျနော်တို့ ရည်မှန်း ထားတဲ့ ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စု စနစ်ကို တိုင်းရင်းသား အားလုံးက စုပေါင်း ဆောင်ရွက်ဖို့ လိုအပ်မယ်။ နောက်ပြည်သူလူထု တစ်ရပ်လုံး ကနေ ပြီးတော့မှ ကျနော်တို့ လိုလား တောင်းဆို နေတဲ့ ဒီမိုကရေစီ အခွင့်အရေး နောက်တိုင်းရင်းသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် တွေကို အားလုံးက ပါဝင်ဆောင်ရွက် မယ်လို့ပဲ ပြောချင်ပါတယ်။

ရွှေဟင်္သာသတင်းဌာန (မေး) – လက်ရှိ ရရှိ ထားတဲ့ အပစ်အခတ် ရပ်စဲရေး အခြေအနေ ကိုရော ဘယ်လိုများ သုံးသပ် ပြောကြား ချင်ပါသလဲ ?

ဗဒိုမန်းမန်း (ဖြေ) - အပစ်အခတ် ရပ်စဲရေး ကတော့ ပဏမ ဆိုတဲ့ အဆင့်ပဲ ရှိသေးပါတယ်။ ပဏာမ အပစ်အခတ် ရပ်စဲရေး ဆိုတာ လည်းပဲ ကျနော်တို့က ဘာတစ်ခုမှ တိတိကျကျ တပ်ပိုင်း ဆိုင်ရာ အရ သဘော တူညီချက် သဘောထား ရရှိမှုတွေ ဘာမှ မရှိပါဘူး။ အပစ်အခတ် ရပ်စဲရေး အတွက် ဒါလက်မှတ် ရေးထိုးတဲ့ ပဏာမ အဆင့်သာ ရှိတဲ့ အခါကျတော့ ကျနော်တို့ ဒီအပစ်အခတ် ရပ်စဲရေးကို တိုးတက် လာတယ်လို့ ကျနော်တို့မ တွေ့ ရသေးဘူး။
Share this article :

Post a Comment

Contact online

တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger