Latest Movie :
Home » » အစိုးရ တပ်အရာရှိ သတ်ဖြတ်ခံရမှုအား ရိုက်နှက် စစ်ဆေးခြင်း

အစိုးရ တပ်အရာရှိ သတ်ဖြတ်ခံရမှုအား ရိုက်နှက် စစ်ဆေးခြင်း

{[['']]}

Description: အစိုးရ တပ်အရာရှိ သတ်ဖြတ်ခံရမှုအား ရိုက်နှက် စစ်ဆေးခြင်းကြောင့် ဒေသခံ ရွာလုံးကျွတ် ထွက်ပြေး

သျှမ်းသံတော်ဆင့်
ဂျူလိုင် ၃၁ ရက် ၂၀၁၄

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် (တရုတ်နယ်စပ်) နောင်မတာရွာအနီး အစိုးရ တပ်မတော် အရာရှိ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ရွာအကြီးအကဲ များနှင့် ဘာသာပြန်များအား ဆက်တိုက် ရိုက်နှက်စစ်ဆေးမှုကြောင့် ဒေသခံ ၄၀၀ ကျော် (ရွာလုံးကျွတ်) တရုတ်နယ်သို့ တိမ်းရှောင်လိုက်ရ သည်ဟု သိရပါသည်။

နောင်မတာရွာအကြီးအကဲများအား အစိုးရတပ်မတော်က ဆင့်ခေါ်ကာ ဂျူလိုင် ၂၉ ရက်နေ့က တညလုံး ရိုက်နှက်စစ်ဆေးမေးမြန်းခြင်း၊ ဂျူလိုင် ၃၀ ရက်နေ့ကလည်း နံနက် ၆ နာရီမှ ည သန်းခေါင်အထိ ထပ်မံဆင့်ခေါ်ထိန်း သိမ်းခြင်း၊ ရိုက်နှက်စစ်ဆေးခြင်းများပြုခဲ့သည်သာမက ဂျူလိုင် ၃၁ ရက်နေ့တွင် လည်း အဆိုပါအကြီးအကဲများအား နံနက် ၆ နာရီ တပ်စခန်းသို့ ထပ်မံ သွားရောက် အစစ်ဆေးခံရန် ဆင့်ဆိုခဲ့သေးသည်ဟုဆို၏။

ပျက်ကွက်ခဲ့ပါက ရွာအားမီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခဲ့သည်ဖြစ်ရာ အသက်အန္တရာယ်ပါ ထိပါးလာသောကြောင့် ရွာမှထွက်ပြေးရခြင်းဖြစ်သည်ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“သူတို့ စစ်သားတယောက် က အရမ်းတန်ဖိုးရှိတာတဲ့။ စစ်သားတယောက်သေ တာရွာသား ၂၀၀ ယောက်နဲ့တန်တယ်တဲ့။ ကျနော်တို့ရွာမှာ အိမ်ခြေ ၁၂၀ ကျော် တယ်။ လူက ၄၀၀ ကျော်တယ်။ သူတို့ စစ်သားနှစ်ယောက် အတွက် ရွာသား ၄၀၀ လုံးလုံးသေရမယ်ဆိုတော့မဖြစ်ဘူးလေ။ ဒါ့ကြောင့် ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်တာ” - အမည်မဖေါ်လိုသည့် ရိုက်နှက်ခံစစ်ဆေးခံရသူက ပြော သည်။

တပ်ခွဲမှူး ဗိုလ်ကြီး ဝင်းသူရထွန်း နှင့် တပ်ကြပ်ကြီးတဦး သတ်ဖြတ်ခံရမှုကြောင့် တပ်ရင်းမှူးမှ နောင်မတာ ရွာ ဥက္ကဌ စိုင်းလှစိန်၊ အတွင်းရေးမှူး စိုင်းဆန်စိုး၊ စာရေး စိုင်းဆန်လူ နှင့် ဘုရားဒါယိကာ နှင့် ရပ်ဖ များဖြစ်သည့် ခိင်းဆွယ့်ခမ်း စံဆာ၊ ခိင်းဆိုင်ဟိန်း တို့အား ဂျူလိုင် ၂၉ ရက်နေ့က တညလုံး ၊ ဂျူလိုင် ၃၀ ရက် နံနက် ၆ နာရီမှ ညနေ ၄:၃၀ နာရီအထိ (မွန်းတည့်ချိန် ထမင်း ပြန်စား ခိုင်းရုံမှလွှဲ၍) ဘယ်မှ မသွားစေပဲ တပ်စခန်း၌ စစ်ဆေး အကျယ်ချုပ်ထားခြင်း၊ ညနေ ၄:၃၀ နာရီမှစ၍ ညသန်း ခေါင်အထိ စစ်ဆေးမှုပြုရာမှာ ဗမာစကား မပြေလည်သည့် ဥက္ကဌ စိုင်းလှစိန်၊ စာရေး ဆိုင်းဆန်လူ နှင့် ဘာသာ ပြန်တဦး ရိုက်နှက်ထိုးကြိတ်ခံခဲ့ရသည်ဟု ရိုက်နှက်ခံရသူတဦးက သျှမ်းသံ တော်ဆင့် သို့ ပြောသည်။

“ဗမာစကားမတတ်ရင် ရိုက်နှက်ထိုးကြိတ်ခံရတယ်။ အမျိုးမျိုးမေးတယ်။ သတင်းဌာနတွေဆီကို ခင်ဗျားတို့ ဓါတ်ပုံပို့တယ်။ ဒါတွေ အစ စစ်ဆေးမေးမြန်း တယ်။ မနေ့က ရိုက်နှက်မှုကြောင့် စာရေး စိုင်းဆန်လူက နံရိုးကျိုးပြီထင်တယ်။ အိပ်လို့တောင်မရဘူး။ မျက်စိပါးစပ် ယောင်ကိုင်း ကုန်တယ်။ ၂၉ ရက်နေ့က စစ်ဆေးမှုက လုံးဝ နည်းလမ်းမကျဘူး။ တပ်ရင်းမှူးက အရက်ပုလင်းထောင်ပြီး အားလုံးကို ရိုက်နှက်စစ်ဆေးတယ်။ ကျည်ကပ်နဲ့ထုတယ်။ အားလုံး ရိုက်နှက် ခံရတယ်။ မနေ့ကတော့ စစ်ဆေးမှု က စာတတ်ရင်တမျိုး မတတ်ရင်တမျိုး စစ်တယ်။ အဲဒါကြောင့် ဗမာစကားမတတ်တဲ့နှစ်ယောက် ထိုးခံရ တာ။ သူတို့နှစ်ယောက်အတွက် ဘာသာပြန်ပေးတဲ့သူလဲ ထိုးကြိတ်ခံရတယ်။ ဒီကိစ္စက မဟုတ်တော့ဘူး လေ။ ဒါ့ကြောင့် ရွာကနေ တိမ်းရှောင်ဖို့ အားလုံးက သဘောတူလိုက်တယ်”

လက်ရှိအခြေအနေတွင် နောင်မတာ ရွာတခုလုံး ဒုက္ခိတ နှင့် လမ်းမလျှောက်နိုင် သည့် သက်ကြီးရွယ်တို့ ၃ ယောက်သာ ကျန်တော့ကြောင်း ၎င်းက ပြောပါသည်။
နောင်မတာတွင်အခြေစိုက်ထားသည့်တပ်စခန်းမှ စစ်အင်အားနှင့်အတူ တခြားဒေသ မှလာသည့် စစ်အင်အား ၃၀၀ ခန့်သည် နောင်မတာရွာသို့ရောက် ရှိနေပြီး အဝင်အထွက်လမ်းနှင့် ရွာပတ်ဝန်းကျင်၊ တရုတ်နယ်စပ် တလျှောက်တို့တွင် လုံခြုံရေးယူထားကြကြောင်း အမည်မဖော်လိုသူ က ပြောပြသည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းတွင် အစိုးရတပ်မတော်နှင့် ပလောင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်တို့အကြား တိုက် ပွဲကြောင့် ဒေသခံ ၈၀၀ ကျော်စစ်ဘေးရှောင်နေရဆဲ အခြေအနေတွင် ယခု အစိုးရ တပ်မတော်သား သတ်ခံရမှုကြောင့် လူထု အခက်အခဲ ထပ်မံကြုံတွေ့ လာခြင်းဖြစ်သည်။

ဓါတ်ပုံ- ရိုက်နှက်စစ်ဆေးခံရမှုကိုထိပ်လန့်သည့် နောင်မတာရွာသားများ အဝတ်အစားယူ၍ထွက်ပြေးစဉ်

========

မိုင်းရှူးမှ အပျိုကြီး တဦးအား အစိုးရ တပ်မတော်မှ အဓမ္မ ပြုကျင့်

သျှမ်းသံတော်ဆင့်
ဂျူလိုင် ၃၁ ရက် ၂၀၁၄

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် မိုင်းအောတ် ကျေးရွာအုပ်စု အတွင်း နေ ထိုင်သည့် အသက် ၃၂ နှစ် အရွယ် ဒေသခံအမျိုးသမီး တဦး ဂျူလိုင် ၂၃ ရက်နေ့က အစိုးရတပ်မတော်သားတဦး၏ အဓမ္မပြုကျင့် ခြင်းခံရ သည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။

မိုင်းရှူးမြို့ မြောက်ဘက် မိုင်းအောတ် ကျေးရွာအုပ်စုဝင် နမ့်ပါလမ်ရွာ တွင်နေ ထိုင်သည့် အသက် ၃၂ နှစ် အရွယ်(အမည်မဖေါ်လို) အမျိုးသမီး တဦး သည် ထမင်းဟင်းချက်ပြီး မိဘများအား လယ်တောသို့ ထမင်းသွား ပို့ရန် ပြင်ဆင် နေ ချိန် အစိုးရတပ်မတော် ခလရ ၉ မှတပ်သား ကျော်ကျော်ကို ဆိုသူ က နေအိမ် သို့ရောက်ရှိလာပြီး အိမ်တံခါးပိတ် သေနတ်ဖြင့် ချိန်၍ ဂျူလိုင် ၂၃ ရက် နံနက် ၈ နာရီအချိန် ခန့်တွင် အဓမ္မပြုကျင့်ခဲ့သည်ဟု အမျိုး တော်စပ်သူတဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“နန်း-- ကို အဲဒီစစ်သားက သေနတ်တလှည့် ဓါးတလှည့် ထောက်တယ်။ အဝတ်မချွတ်မခြင်း၊ သူက အော်တော့ ဓါးနဲ့ လည်ပင်းကိုထောက်တယ်။ အခုသူက အရူးလိုဖြစ်နေတယ်။ ကြောက်ကြောက် လှန့်လှန့် နဲ့။ သူတို့ တပ်မှူးကိုသွားတိုင်တယ်။ လျော်ကြေးငွေ ကျပ် ၅ သိန်းပေးဖို့ ရွာအကြီးအကဲ က တောင်းတယ်။ တပ်မှူးက တသိန်းခွဲဘဲပေးလိုက်တယ်။ ပြီးတော့ ကျေအေး ပါစေ။ ထပ်မတိုင်နဲ့ ၊ သတင်းလဲ မထွက်စေနဲ့ လို့တောင်ပြောလိုက်သေးတယ်” - ဟု အမည်မဖေါ်လိုသည့် အမျိုးတော် စပ်သူတဦး ကပြောသည်။

မိုင်းရှူးမြို့နိုင်ငံရေးပါတီအသိုင်းအဝိုင်းက အဓမ္မပြုကျင့်ခံရသူအမျိုးသမီးအား ကျန်းမာရေးကုသမှု ရရန်၊ စိတ်ပိုင်းဆိုင်ရာပြုစုပျိုးထောင် မှုရရန်၊ ပြစ်မှုကျူး လွန်သူအား တရားဥပဒေအရ ရင်ဆိုင်ရရန် အတွက် ကြိုးပမ်းနေသည်ဟုလည်း မိုင်းရှူးမြို့ ကျားခေါင်းပါတီဝင် အမျိုးသမီးတဦးက ပြောသည်။

မိုင်းရှူးမြို့ မြောက်ဘက်ရှိ မိုင်းအောတ်ကျေးရွာအုပ်စုသည် ပြည်ထောင် စုကြံ့ခိုင်ရေး ပါတီအား ထောက်ခံရန် ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့မှ စည်းရုံးနိုင် သည့် ကျေးရွာများဖြစ်သည်ဟု ကျားဖြူပါတီဝင် ဟောင်း တဦးကလည်း ပြော သည်။

၂၀၁၁-၁၂ ခုနှစ်က အဆိုပါဒေသအတွင်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်များအား အစိုးရတပ်မတော်တိုက်ခိုက်စဉ် စစ်ဘေးစစ်ဒဏ်အလူးအလဲ ခံရသည့် ဒေသလည်းဖြစ်သည်။

အစိုးရ တပ်အရာရှိ သတ်ဖြတ်ခံရမှုအား ရိုက်နှက် စစ်ဆေးခြင်းကြောင့် ဒေသခံ ရွာလုံးကျွတ် ထွက်ပြေး

၂၀၁၁-၁၂ ခုနှစ်က အဆိုပါဒေသအတွင်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်များအား အစိုးရတပ်မတော်တိုက်ခိုက်စဉ် စစ်ဘေးစစ်ဒဏ်အလူးအလဲ ခံရသည့် ဒေသလည်းဖြစ်သည်

Share this article :

Post a Comment

Contact online

တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger