{[['
']]}
']]}
ကိုယ်စီလျှောက်သောလမ်း
ရဲရဲတွေး

“နိုင်ငံရေးဟူသည် ညှာတာမှုကင်းမဲ့သောယှဉ်ပြိုင်ပွဲတခုဖြစ်သည်”
ဟုသြစတြေလျနိုင်ငံ၏အအောင်မြင် ဆုံးသောဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဂျွန်န်ဟားဝါ့ဒ် ကဆိုမိန့်ခဲ့ဖူးသလို
“ဒီမိုကရေစီဆိုသည်မှာ အလွန်စိတ်ပျက်ဖွယ်ကောင်းသော စနစ်တခုဖြစ်သော်ငြားလည်း အခြားသောနိုင်ငံရေးစနစ် အားလုံးထက် တော့ကောင်းပါသည်”
ဟုအောင်မြင်ကျော်ကြားခဲ့သောဗြိတိသျှဝန်ကြီးချုပ်ဝင်စတန်ချာချီလ် ကဆိုမိန့်ခဲ့ဖူးပါသည်။
မြန်မာပြည်ကြီး ပြုပြင်ပြောင်းလဲရေးလမ်းစကို ရောက်နေပြီ၊ ပြောင်းလဲနေပြီ ဟူသောမှတ်ချက်များ၊ အသိအမှတ်ပြုမှုများနှင့်အတူ ပြောင်းလဲနေသော မြန်မာနိုင်ငံရေးနှင့် နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် ပြောင်းလဲဆက်ဆံလာသော သဘောထားပေါ်လစီများသည် စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။
ဤသို့သောအခြေအနေတွင်
မြန်မာပြည်၏ပကတိအရှိတရားနှင့် ကနေ့ပြောင်းလဲဖြစ်ပေါ်နေသော မြန်မာ့နိုင်ရေး
အခင်းအကျင်းကိုကျွန်ုပ်တို့သုံးသပ်လေ့လာသင့်ပါသည်။ မြန်မာနိုင်ငံသည်
လူမျိုးစုများအတူတကွ ယှဉ်တွဲနေထိုင်သောတိုင်းပြည်တခုဖြစ်ပါသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာပြည်ကြီး
စစ်မီးတောက်၍စုတ်ချာနွမ်းပါးသွားသည်မှာ အုပ်ချုပ်သူအစိုးရအဆက်ဆက်၏
ဒီမိုကရေစီကျင့်စဉ်မရှိမှု၊
တိုင်းရင်းသားတို့၏ကိုယ်ပိုင်ရပိုင်ခွင့်နှင့်တန်းတူအခွင့်အရေးများကို
အသိအမှတ်မပြုငြင်းဆိုမှုများကြောင့် ဖြစ်ပေါ်လာသောပဋိပက္ခဆိုးကျိုးဖြစ်ပါသည်။
တနည်းဆိုရသော် မြန်မာ့ပြည်တွင်းစစ်မီးနှင့် ဆင်းရဲမွဲတေမှု၏
ပင်မပြဿနာအကြောင်းရင်းမှာ ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားအရေးကို
ဖြေရှင်းနိုင်ခြင်းမရှိသောကြောင့် ဖြစ်ပါသည်။
စစ်အစိုးရအဆက်ဆက်
ဤပြဿနာနှစ်ခုစလုံးကို ကိုင်တွယ်ဖြေရှင်းလိုစိတ်မရှိခဲ့ပါ။ မဟာမျိုး၊
မဟာမာန်နှင့် လက်နက်နိုင်ငံတော်တည်ထောင်ရေးကိုသာစိတ်ဝင်စားခဲ့ကြသည်။
စစ်အင်အားသည်သာ အခရာဟူသော အခြေခံတွေးခေါ်မှုမှ ပြဿနာအားလုံးကိုအင်အားသုံး၍
ချေမှုန်းသည့်နည်းဗျူဟာသာ အစဉ်အဆက် ကျင့်သုံးခဲ့ပါသည်။ သို့သော်
ယနေ့ကမ္ဘာတွင်ဒီမိုကရေစီစနစ်ကိုအများစုကလက်ခံကျင့်သုံးလာသည်နှင့်အမျှ
စစ်အာဏာရှင်များလည်း တနိုင်ငံပြီးတနိုင်ငံကျဆုံးလျက်ရှိရာ
မြန်မာစစ်အာဏာရှင်များလည်း ၄င်းတို့စည်းစိမ်အာဏာရေရှည်တည်တန့်
ခိုင်မြဲရေးအတွက် ပြောင်းလဲမှုအချို့လုပ်လာပါသည်။ ဤတွင် ပြည်သူများလိုလားသော
ဒီမိုကရစီစနစ်အား အကန့်အသတ်များဖြင့် သတိထား၍
နိုင်ငံရေးပြောင်းလဲမှုများကို ကြိုးစားလုပ်ကိုင်လာခြင်းပင်ဖြစ်ပါသည်။
မည်သို့သောအကြောင်းကြောင့် ပြောင်းလဲမှုလုပ်သည်ဖြစ်စေ
အများပြည်သူအတွက်အကျိုးရှိသောပြောင်းလဲမှုဆိုပါက
ကျွန်ုပ်တို့မှကြိုဆိုရမည်သာဖြစ်ပါသည်။ သို့သော် ယခုလက်ရှိအစိုးရမှ
ပြုလုပ်လာသောပြောင်းလဲမှုများသည် အထက်မှတင်ပြခဲ့သည့်အတိုင်း
စိတ်ရင်းစေတနာမှန်အားအခြေခံသောပြောင်းလဲမှုမဟုတ်ဘဲ မိမိအဖွဲ့၊
မိမိအုပ်စု၏စည်းစိမ်အာဏာ ခိုင်မာတည်မြဲရေးကိုအခြေခံသော
ပြောင်းလဲမှုဖြစ်သောကြောင့် အနိုင်ရ၊ အကျိုးအမြတ်ထွက်သွားသူများနှင့်
နစ်နာဆုံးရှုံးသွားသူများရှိလေသည်။ မည်သူများက အနိုင်ရ၊ အကျိုးအမြတ်ထွက်၍
မည်သူများကဆုံးရှုံးနစ်နာသွားပါသနည်း။
ပထမဆုံးအောင်သပြေနှင့်အောင်မြေနင်းသွားသူမှာ ဦးသိန်းစိန်၏ အရပ်သား အမည်ခံစစ်အစိုးရနှင့် မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများဖြစ်ပါသည်။ လွန်ခဲ့သောနှစ်အနည်းငယ်ကအထိ ကမ္ဘာ့အလယ်တွင်လူ့အခွင့်အရေး အချိုးဖောက်ဆုံးသော အစိုးရများထဲပါဝင်ခဲ့သော၊ အကျင့်ပျက်လဘ်စားမှု အများဆုံး ကမ္ဘာ့နိုင်ငံများထဲတွင်ပါဝင်ခဲ့သော၊ တိုင်းရင်းသားပြည်သူများအား အဓ္ဓမလုပ်အားပေး စေခိုင်းသော၊ ဘိန်းဘုရင်များအား ကာကွယ်၍ ဘိန်းဘုရင်တို့၏ငွေမည်းအားငွေဖြူအဖြစ် ခ၀ါချခွင့် ပြုခဲ့သော၊ တိုင်းရင်းသား ဒေသစစ်ဆင်ရေး များတွင် တိုင်းရင်းသားများအား လူမျိုးတုံးသတ်ဖြတ်ခြင်း၊ တိုင်းရင်းသူများအား အဓ္ဓမစော်ကား မုဒိန်းကျင့်ခြင်းများကို စစ်နည်းဗျူဟာအခုအလားအသုံးပြုခဲ့သော စစ်အစိုးရသည် နိုင်ငံတကာအစိုးရများအကြိုက်လူဝတ်လဲပြီးအရပ်သားအစိုးရလုပ်ပြလိုက်ရုံ၊ အပြောင်းအလဲတချို့လုပ်ပြလိုက်ရုံနှင့် ယခုတော့သန့်ရှင်းသောအစိုးရအဖြစ်နေ့ချင်း၊ ညချင်းပြောင်းလဲအသိအမှတ်ပြုခံရလေသည်။ ၄င်းတို့ရည်မှန်းသောနိုင်ငံရေးပန်းတိုင်သို့ရောက်ပြီ။
ဦးသိန်းစိန်အစိုးရနှင့်ထပ်တူ
အောင်ပန်းပန်၍ ပန်းဝင်လာသူများကတော့ ပြည်သူချစ်သော
ဒေါ်အောင်ဆန်းစုကြည်နှင့် ၄င်း၏ NLD ပါတီပင်ဖြစ်ပါသည်။ ဒေါ်စုနှင့် NLD
ပါတီလျှောက်လှမ်းခဲ့သောမြန်မာ့ဒီမိုကရေစီ လမ်းခရီးက ကြမ်းတမ်းပါသည်။
သို့သော်မလျှော့သောဇွဲ၊ ခိုင်မြဲသောလုံ့လ၊ အနစ်နာခံ၊ပေးဆပ်မှုဖြင့်
သူရဲကောင်းတို့လမ်းကိုလျှောက်ခဲ့သောကြောင့် ပြည်သူတို့၏အသိအမှတ်ပြု
ထောက်ခံအားပေးမှုရခဲ့ပါသည်။ ခိုင်မာသောဒေါ်စု၏ဦးဆောင်မှုအောက်တွင်
ပါတီအတွင်းပဋိပက္ခများ၊
ပြင်ပထိုးနှက်တိုက်ခိုက်မှုများကိုကြံ့ကြံ့ခံရင်ဆိုင်၍
မဆုတ်မနစ်တိုက်ပွဲဝင်လာခဲ့ရာ ယခုတော့၎င်းတို့၏နိုင်ငံရေးပန်းတိုင်ကို
အတိုင်းအတာတခုအထိရောက်ရှိဆုပ်ကိုင်နိုင်ခဲ့ပါပြီ။
ပြည်တွင်းပြည်ပအင်အားစုများ၊ နိုင်ငံတကာ၏အသိအမှတ်ပြုခြင်းများနှင့်အတူ
ပျိုတိုင်းကြိုက်သော နှင်းဆီခိုင်လေးဖြစ်လို့နေပါသည်။
မြန်မာပြည်၏
ဒီမိုကရေစီရရှိရေးက တင်းပြည့်ကျပ်ပြည့်မရှိသေးသော်ငြား
ကောင်းသောလမ်းကိုဦးတည်နေပြီမို့
အနှေးနှင့်အမြန်ရောက်လာတော့မည်ဟုမျှော်လင့်ချက်ထားနိုင်လေပြီ။
ဤနိုင်ငံရေးပြောင်းလဲမှုတွင် အနိုင်ရ၊ အမြတ်ထွက်သွားသူများမှာ
လက်ရှိဦးသိန်းစိန်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်
ဆိုလျှင်ဆုံးရှုံးနစ်နာသူများမှာ မည်သူများနည်း။ ထုံးစံအတိုင်း
တိုင်းရင်းသားများ သာဖြစ်ပါသည်။
နိုင်ငံရေးပြောင်းလဲတိုးတက်နေပါပြီဟုဆိုသောကြောင့်ပိတ်ဆို့ဒဏ်ခတ်မှုများစတင်ရုပ်သိမ်းနေပြီး လက်နက်ရောင်းချမှုပိတ်ပင်တားဆီးခြင်းကို လည်းရုပ်သိမ်းလိုက်ပါပြီ။ သို့သော်အရပ်သား အမည်ခံစစ်အစိုးရမှ တိုင်းရင်းသားတို့အပေါ် စစ်ဆင်ရေးများ ပြောင်ပြောင် တင်းတင်း ပြုလုပ်နေဆဲပါ။ ကချင်ဒေသတွင် စစ်မီးတောက် နေဆဲ၊ ကချင်ပြည်သူများစစ်ဒဏ်ကြောင့် ပြေးလွှား ဒုက္ခရောက်နေရဆဲပါ။ အပစ်အခတ် ရပ်ထားသောရှမ်းပြည်တွင်တိုက်ပွဲများကြိုကြားဖြစ်နေဆဲ။ အပစ်ရပ်စဲထားသောကရင်ပြည်နယ်တွင် တပ်မတော်မှ စစ်လက်နက်ရိက္ခာများတိုးချဲ့ ဖြည့်ဆည်းနေဆဲဖြစ်ပါသည်။ လက်ရှိအစိုးရသည်တိုင်းရင်းသားတို့အရေးကိုစေတနာမှန်နှင့် ကိုင်တွယ်ဖြေရှင်းရန်ဆန္ဒမရှိကြောင်း သိသာထင်ရှားနေပါသည်။ ဗိုလ်ချုပ်ခင်ညွန့်လက်ထက်က နိုင်ငံရေးလိုအပ်ချက်အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲခဲ့သော်လည်း တိုင်းရင်းသားများ၏အရေးကိုနိုင်ငံရေးအရ လက်တွေ့ဆွေးနွေး ဖြေရှင်းရန်ငြင်းဆိုခဲ့ပါသည်။ တိုင်းရင်းသားတို့အားတန်းတူအခွင့်အရေးပေးရန်၊ တန်းတူဆက်ဆံသဘောထားရန် စစ်တပ်မှဘယ်သောအခါမှစိတ်မ၀င် စားခဲ့ပါ။ နောင်တွင်လည်းရှိလာရန်မှာမျှော်လင့်ချက်နည်းလှပါသည်။ ဤသည်ကအားလုံးသိသည်အတိုင်း မြန်မာ့တပ်မတော်၏တိုင်းရင်းသားတို့အပေါ်ရှင်းလင်းမြင်သာသောသဘောထားရပ်တည်ချက်ဖြစ်ပါသည်။
ဒီမိုကရေစီတိုက်ပွဲဝင်သူအချို့က ဒီမိုကရေစီရလျှင်မြန်မာပြည်ပြဿနာ အားလုံးပြေလည်သွားမည်ဟု ပြီးစလွယ်ပြောလေ့ရှိကြလေသည်။ အလွန်မှားပါသည်။ အထက်မှာတင်ပြခဲ့သလို မြန်မာပြည်၏ပင်မပြဿနာမှာဒီမိုကရေစီနှင့် တိုင်းရင်းသားအရေး နှစ်ခုရှိပါသည်။ တိုင်းရင်းသားတို့၏ကိုယ်ပိုင်အခွင့်အရေးနှင့် တန်းတူရေးကိုအသိအမှတ်မပြုသမျှ မြန်မာပြည်ပြဿနာ ဘယ်သောအခါမှငြိမ်းအေးမသွားနိုင်ပါ။ လွတ်လပ်ရေးရပြီးကာလမှ ၁၀ နှစ်တာကျင့်သုံးခဲ့သော ပါလီမန်ဒီမိုကရေစီခေတ်ကသက်သေဖြစ်ပါသည်။ တပ်မတော်သည်တိုင်းရင်းသားများအပေါ် ယခင်ကောယခုပါအမုန်းနှင့်အငြှိုးနှင့်ခွဲခြားဖိနှိပ်နေဆဲ၊ ဆက်လက်၍လည်းပြုလုပ်မည်မှာ ယုံမှားသံသယရှိဖွယ် မရှိပါ။ တိုင်းရင်းသားတို့အပေါ်စစ်ရေးအရ ဖိနှိပ်ကျူးကျော်နေမှုအား လက်ရှိမည်သည့်နိုင်ငံရေးပါတီက ကန့်ကွက်ရဲသနည်း။ နိုင်ငံတော်လုံခြုံရေး အကြောင်းပြချက်နှင့်ပတ်သက်လာလျှင်မည်သည့်နိုင်ငံရေးသမား၊ မည်သည့်ပါတီက တပ်မတော်ကိုစောဒကတက်၊ ထောက်ပြပြောဆိုရဲပါသနည်း။ မည်သည့်အရပ်သားပါတီက စစ်ဖက်ရေးရာတွင် ပြောဆိုဝေဖန်ဝံ့ပါသနည်း။ အဖြေကရှင်းပါသည်။ မရှိပါ။ ထောက်ပြကန့်ကွက်လိုသော ဆန္ဒကောရှိပါရဲ့လားဆိုသည်မှာလည်း မေးခွန်းထုတ်စရာဖြစ်ပါသည်။
ပြည်သူ့ခေါင်းဆောင်ဟုပြည်သူ့မေတ္တာခံယူနေသော ဒေါ်အောင်ဆန်းစုကြည်ပင် တိုင်းရင်းသား ပြဿနာအား စစ်တပ်သဘောထားကို ဆန့်ကျင်၍ ပြောဆိုလုပ်ကိုင်ဝံ့ ပါသလား၊ ပြောဆိုလိုစိတ်ကော ရှိပါရဲ့လားဆိုသည်ကား မသေချာပါ။ မြန်မာပြည် နိုင်ငံရေးတွင် ၂၂ နှစ်တာမျှလျှောက်လှမ်းခဲ့သော ဒေါ်စုသည် တိုင်းရင်းသားအရေးနှင့် ပတ်သက် လာလျှင်ဘယ်သောအခါမျှ ရဲရဲဝံ့ဝံ့၊ ရှင်းရှင်း လင်းလင်း သဘောထားထုတ်ဖော် ပြသခဲ့ဖူးခြင်း မရှိသေးပါ။ ဒေါ်စုနှင့် NLD ပါတီသည် တိုင်းရင်းသားအရေးနှင့်ပတ်သက်သော ပါတီ၏သဘောထား ပေါ်လစီ ဘာမှချမှတ်မထားပါ။ တိုင်းရင်းသားများလိုလားသော စစ်မှန်သည့်ဖယ်ဒရယ်ပြည်ထောင်စုအကြောင်း မည်သောအခါမှဆွေးနွေးပြောဆိုသည်မရှိသေးပါ။ စစ်အစိုးရ၏ရန်လိုသောထိုးစစ်ကြောင့် တိုင်းရင်းသားများ စစ်မီးဟုန်ကြားဘ၀ပျက်၊ အသိုက်အမြုံ ပျက်နေချိန်တွင် စစ်ဆင်ရေးအားရပ်တန့်ရန် သဘောထားတရပ်၊ ကန့်ကွက်စာတစောင်ဘယ်သောအခါမှ ထုတ်ပြန်မှုမပြုခဲ့သေးပါ။ တိုင်းရင်းသားများကို ချစ်သည်၊ တိုင်းရင်းသား များ၏ခံစားမှုများကို နားလည်စာနာသည်၊ တမြေထဲနေ၊ တရေထဲသောက်သော သွေးချင်းများ အေးအတူ ပူအမျှနေထိုင်ကြရမည်လောက်တော့ စစ်အစိုးရအဆက်ဆက် ကလည်းပြောလာခဲ့သည်ဘဲဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေ
ညှာတာမှုကင်းသောနိုင်ငံရေးလောကတွင် မိမိအားညှာပါ၊ ကူပါဟုပြော၍မရပါ။
သူ့လမ်းသူလျှောက်ကြသည်ဘဲဖြစ်ပါသည်။
ပြီးပြည့်စုံခြင်းမရှိလေသောဒီမိုကရေစီစနစ်တွင်လည်း
သူများတကာထက်မနိမ့်ကျအောင်၊ နောက်မကျန်ခဲ့လေအောင်
ရုန်းကန်ကြိုးစားရမည်သာဖြစ်သည်။ ဦးသိန်းစိန်ကိုသော်လည်းကောင်း၊
ဒေါ်အောင်ဆန်းစုကြည်ကိုသော်လည်းကောင်း
ကယ်တင်ရှင်ပမာမျှော်လင့်အားကိုးနေ၍မရနိုင်ပါ။
၎င်းတို့သည်မိမိတို့အတွက်လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေများဖြစ်နိုင်ပါသည်။
သို့သော် မိမိတို့တိုင်းရင်းသားအရေးကိုမိမိတို့ကိုယ်တိုင်သာ
နည်းလမ်းရှာဖြေရှင်းရပေမည်။ မိမိတို့ပြည်သူများနှင့်အတူ၊
မိမိတို့ခေါင်းဆောင်ကြီးများ၏ ဦးဆောင်လမ်းညွှန်မှုကို လေးစားလိုက်နာလျက်
မဆုပ်မနစ်သောဇွဲဖြင့်ဆက်လက်တိုက်ပွဲဝင်ရမည် သာဖြစ်ပါသည်။

Post a Comment