{[['
']]}
']]}
အဆိပ်သင့်နှလုံးသားများ
ရဲရဲတွေး
စစ်အစိုးရ၏
ကျူးကျော်စစ်ကြောင့် ဘေးဒုက္ခအပေါင်းနှင့်ရင်ဆိုင်ကြုံတွေ့နေရသော
ညီနောင်ကချင် တိုင်းရင်းသားတို့ဘ၀အားစာနာလျက်
ဤဆောင်းပါးကိုရေးသားဖော်ပြပါသည်။
ဖြတ်လေးဖြတ်
၁။ အဆက်အသွယ်ဖြတ်မည်၊
၂။ အထောက်အပံ့ဖြတ်မည်၊
၃။ ရိက္ခာဖြတ်မည်၊
၎။ သတ်ဖြတ်မည်။
၁၉၇၄
ခုနှစ် မဆလ စစ်အစိုးရလက်ထက် သောင်းကျန်းသူအမြစ်ပြတ်ချေမှုန်းရေး
ကြွေးကြော်သံနှင့် အတူ ဖြတ်လေးဖြတ် ဆိုင်းပုဒ်များကို
မြန်မာပြည်မြို့ရွာအနှံ့စိုက်ထူထားနေချိန်ဖြစ်ပါသည်။ ဖြတ်လေးဖြတ် စနစ်သည်
တိုင်းရင်းသားတို့၏ တန်းတူရေးနှင့် ကိုယ်ပိုင်အခွင့်အရေးအတွက်တိုက်ပွဲဝင်
တောင်းဆိုခြင်းအား ဥပဒေကြောင်း၊ နိုင်ငံရေးကြောင်းအရ ဖြေရှင်းရန်
ငြင်းပယ်ပြီး အင်အားသုံးအပြုတ်တိုက်ရေးနှင့် ဘက်ပေါင်းစုံမှ
နှိပ်ကွပ်ချေမှုန်းရေးပင်ဖြစ်ပါသည်။
ဖြတ်လေးဖြတ်စနစ်ကြောင့်
အလယ်ရိုးမနှင့် အရှေ့ရိုးမမှ များစွာသောကရင်ပြည်သူလူထုများ ကျေးရွာပျက်၊
အသိုက်အမြုံပျက်၊ ဘ၀ပျက်ခဲ့ရပါသည်။ ရွာမီးရှို့ခံရခြင်း၊
အဓ္ဓမပြောင်းရွှေ့ခံရခြင်း၊ ဆန်စပါးရိက္ခာသိမ်းဆည်း၊ ဖျက်ဆီးခံရခြင်း၊
အပြစ်မဲ့ရွာသားများ အကြောင်းမဲ့သတ်ဖြတ်ခံရခြင်း အစစသောသတင်းဆိုးများ
နေ့စဉ်နှင့်အမျှကြားနေရသာအချိန် ကိုယ့်ရွာ၊
ကိုယ့်အလှည့်ဘယ်တော့ရောက်လာမလဲဟု စိုးတထိတ်ထိတ်နှင့် ကြောက်ရွံ့နေရသောကာလဖြစ်ပါသည်။
တစ်
တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ပလောမူဒဲကျေးရွာ၊
၁၉၇၅ ခုနှစ်၊ သြဂုတ်လ ၁၃ရက်။
တနင်္ဂနွေနေ့မို့
ရွာဦးဘုရားကျောင်းမှာ ကျမတို့ရွာကလေး စစ်ဘေးမှကင်းဝေးစေကြောင်း၊
သာယာအေးချမ်းစေကြောင်း ဘုရားဝတ်ပြုဆုတောင်းနေကြပါသည်။ ကိုယ်စီရင်ထဲမှာတော့
အပူအပင်၊ သောကကိုယ်စီနဲ့ဖြစ်ပါသည်။ ကျမတို့ကျေးနယ်သို့
ဗမာစစ်တပ်မှလာရောက်စခန်းချ မည်ဆိုသောသတင်းကအားလုံးအတွက် စိတ်မအေးဖွယ်၊
သတင်းဆိုးတခုဖြစ်သည်။
ဘုရားဝတ်ပြုရင်းတန်းလန်း
ဒိုင်း ဒိုင်း ဒိုင်းဟူသောသေနတ်သံနှင့်အတူ
လက်နက်ကြီးကျရောက်ပေါက်ကွဲသံများ ရုတ်တရက်ကြားလိုက်ရသည်။
ကျမတို့ဆုတောင်းမပြည့်ခဲ့ပါ။ အားလုံးနားစွင့်နေခိုက် ဆက်ကာဆက်ကာ
ကြားရသောသေနတ်သံ၊ ပေါက်ကွဲသံများကြောင့် ကျမတို့အားလုံး ကလေးမှအစ
သင်းအုပ်ဆရာမကျန် တခါးပေါက်သို့ တိုးဝှေ့ပြေးလွှားကြပါတော့သည်။
ကျမတို့ဘုရားကျောင်းအပြင်ဖက်ကိုရောက်သော်
သားခေါ်သံ၊ အမေခေါ်သံများနှင့်အတူ ငိုယိုအော်ဟစ်နေသောကလေးနှင့်မိခင်များ၊
စားစရာ၊ အ၀တ်အထည်များတနိုင်တပိုင် ထုပ်ပိုးနေသာဖခင်များနှင့်
ကျမတို့ရွာကလေးကို ဝေသာလီပြည်ဘီလူးဝင်သည့်အလားမြင်နေရပါသည်။
သာယာအေးချမ်းတဲ့ကျမတို့ရွာကလေး သည်နေ့သည်အချိန်မှာတော့
ငြိမ်းချမ်းပျော်ရွှင်မှုရဲ့ နိဂုံးကိုရောက်လေပြီ်။
သေနတ်သံများကရွာနှင့်
၁၅ မိနစ်အကွာအဝေးလောက်သာလှမ်းပါသည်။ တနေ့တော့ မိမိတို့ရွာ၊ မိမိတို့ဘဝ
ဤသို့ဖြစ်လာမည် ကိုကြိုတင်သိထားပေမဲ့ ရုတ်တရက်ကြုံလာရတော့
မိမိအသက်တချောင်းအတွက် ကိုယ်လွတ်ပြေးရုံမှတပါးဘာမှမတတ်နိုင်ပါ။
ပလိုင်းတလုံး၊ အထုပ်အခုထက်ပို၍သယ်နိုင်ချိန်မရှိပါ။ စားစရာ၊
ဝတ်စရာတွေကမရှိမဖြစ်လိုအပ်ပေမဲ့ အရေးကြီးဆုံးက
မိသားစုအစုံအလင်ဘေးကင်းလွတ်မြောက်ဘို့ရာပါ။
သြဂုတ်လ၏မိုးရေအောက်တွင်
တောတောင်ကမ်းပါးနှင့်တောလမ်းတွေကစိုစွတ်ချောမွတ်နေပါသည်။
သက်ကြီးရွယ်အိုနှင့်ကလေးလူငယ်များအတွက်
ပြေးလွှားရသည်မှာများစွာခက်ခဲလှပါသည်။ အခါခါချော်လဲသော်လည်း
နာကျင်မှုကိုဂရုမပြုနိုင်ပါ။ အသက်နှင့်ခန္ဓာမြဲ၍
ဘေးကင်းလုံခြုံဘို့ပြေးနေရဦးမည်။ အဆက်မပြတ်ရွာသွန်းနေသောမိုးကြောင့်
လျှိုမြောင်စမ်းချောင်းများမှာလည်းရေများပြည့်နေပါသည်။ မိုးကာမလုံ၊
ထီးမလုံမို့ကျမတို့အားလုံး ရေစိုရွှဲ၍မေးဆတ်ဆတ်တုန်အောင်အေးချမ်းကြပါသည်။
ညနေစောင်းသော် ကွမ်းခြံကြီးတခုရှိတဲငယ်လေးတလုံးတွင်
ကျမတို့စုဝေးခိုနားကြပါသည်။ တဲလေးကခပ်ငယ်ငယ်မိုးမလုံ၊လေမလုံပင်ဖြစ်ပါသည်။
သက်ကြီးရွယ်အိုနှင့် ကလေးငယ်များကို တဲပေါ်အိပ်စေပြီး
ကျမတို့ကတဲအောက်တွင်ဖြစ်သလိုအိပ်ကြရပါသည်။
မိုးနှင့်လေဒဏ်ကြောင့်အေးချမ်းလှသော်လည်း အနွေးဓာတ်ရနိုင်ရန်မီးမဖိုရဲပါ။
မီးရောင်၊ မီးခိုးကြောင့်
ဗမာစစ်သားများကျမတို့ပုန်းခိုရာကိုသိသွားလျှင်ကျမတို့ဘ၀မတွေးဝံ့စရာမဟုတ်ပါလား။
နှစ်
အအေးဒဏ်၊
မှဲ့
ခြင်ယင်ကိုက်သောဒဏ်ကိုခံရင်းအိပ်မပျော်နိုင်သောညများကိုဖြတ်သန်းခဲ့ရပါသည်မှာ
ခုတော့သီတင်းနှစ်ပတ်ကြာခဲ့လေပြီ။ ယောက်ျားကြီးတချို့ရွာကိုပြန်၍ အခြေအနေ
ချောင်းမြောင်းလေ့လာ ကြည့်တော့ ကျမတို့ရွာမှာဗမာစစ်သားများမရှိတော့ပါ။
သို့သော် ကျမတို့စုဆောင်းသိုလှောင်ထားသော စားနပ်ရိက္ခာများကို
အားလုံးကိုဖျက်ဆီးသွားပါသည်။ မိုးရေအောက်မြေပေါ်ပြန့်ကျဲပျက်စီးနေသော
ဆန်စပါး ဆား၊ ငါးပိများကိုကြည့်ပြီး
ကျမတို့မှာဝမ်းနည်းငိုကြွေးရုံမှတပါးဘာမှမတတ်နိုင်ပါ။ ဆာလောင်မွတ်သိပ်နေသော
သားသမီး၊ ကလေးငယ်နှင့် မိအိုဖအိုများ၏မျက်နှာကိုမြင်ယောင်ပြီး နာကျင်စွာ
ဝမ်းနည်းဒေါသဖြစ်ရပါသည်။ ဘိုးဘေးများ လက်ဆင့်ကမ်း၍
ပါးစပ်ရာဇ၀င်ခင်းပြောပြခဲ့သော ဗမာပဒေသရာဇ်ခေတ်တလျောက်လုံး
တိုင်းရင်းသားများ အနိုင်ကျင့် အနှိပ်စက်ခံရမှုများသည် အခုမဆလခေတ်
ဗမာစစ်အစိုးရလက်ထက်တိုင် ဆက်လက်ရှိနေဆဲပါလားဟု ရင်ထုမနာ ခံစားမိပါသည်။
သို့သော်ဝမ်းနည်းခံစားမှုကိုရှေ့တန်းမတင်နိုင်ပါ။
သုံးလေးရက်တကြိမ် တောထဲတောင်ထဲတွင် ရွှေ့ပြောင်း ပုန်းခိုကြရပါသည်။
တနေရာထဲတွင် ထိုထက်ပို၍ကြာကြာမနေရဲပါ။
အရေးပေါ်ပြောင်းရွှေ့ရသောညမျိုးတွေမှာတော့ ယာယီတဲ ပင်မထိုးနိုင်ပါ။ ကျမတို့
မိုးကာအစကိုတယောက်တဖက်စီကိုင်ပြီး ကလေးများကိုမိုး၍အိပ်စေပါသည်။ သူတို့တတွေ
မှဲ့ခြင်ယင်ကိုက်၍အိပ်မပျော်နိုင်၊ ငိုချင်သော်မှ
အသံမထွက်အောင်ကြိတ်ကာငိုနေရသောဘ၀၊ ကျွတ်တွယ်၍
သွေးများအလိမ်းလိမ်းဖြစ်နေသော်လည်း သူတို့လေးတွေအတွက် ဘာမှမလုပ်ပေးနိုင်သော
မိဘဖြစ်သူကျမတို့မှာ နာကြင်စွာခံစားရပါသည်။ မိုးရေအောက်
ဆောင့်ကြောင့်ထိုင်ရင်း သားသမီး၊ မိအိုဖအိုတို့၊ ကိုကြည့်ရင်း၊
စစ်သားများဘယ်အချိန်၊ ဘယ်နေရာကရုတ်တရက်ရောက်လာမလဲဟု စိုးရိမ်ကြောင့်ကြရင်း
မျက်ရည်ညများကိုအံကြိတ်ခံရင်းမိုးလင်းခဲ့ရပါသည်။
သုံး
အောက်တိုဘာလလယ်မှာတော့တောင်ယာစပါးများဝင်းမှည့်၍ရိတ်သိမ်းချိန်ရောက်လေပြီ။
ပေါင်းမြက်မသင်နိုင်သော တောင်ယာခင်းမှာတော့
ပေါင်းမြက်များကစပါးပင်နှင့်အပြိုင်ပေါက်နေကြပါသည်။
နေ့လည်နေ့ခင်းစစ်တပ်အခြေအနေ စနည်းနာ၍ ခိုးဝှက်ကာစပါးပြန်ရိတ်ကြပါသည်။
စပါးရိတ်ရင်း စပါးသီးများကိုပုလိုင်းထဲတခါထဲချွေသိမ်းပြီး
သယ်ဆောင်ခိုးဝှက်ထားရပါသည်။ အနီးအနား
ဗမာစစ်သားများလှုပ်ရှားနေသောအခါမျိုးတွင် နေ့အခါမလုံခြုံသဖြင့်
ညဖက်တွင်တောင်ယာသွား စပါးရိတ်ကြပါသည်။ ညမှောင်မှောင်၊
ရှည်လျားသောပေါင်းမြက်ပင်များကြားတွင် စပါးပင်မြက်ပင်
မခွဲခြားနိုင်၍အလုပ်မတွင်ပါ။ စစ်သားများဘယ်တော့ရောက်လာမလဲ၊
သေနတ်သံဘယ်တော့ကြားရမလဲဟု စိုးရိမ်ကြောက်ရွံ့လျက်
မိမိကိုဖမ်းမိသွားလေသော်ဆိုသောအတွေးများက အစဉ်ချောက်လှန့်လျက်။
ယင်းသို့ဖြင့်သုံးပတ်ခန့် ကြာလေသော်ကျမတို့ရွာနား စစ်သားစခန်းလာချ၍
တောင်ယာမသွားရဲတော့။ စောင့်ရှောက်သူမဲ့၊
ရိတ်ချိန်ကျော်လွန်သွားသောစပါးခင်းမှာလည်း ကျေးငှက်သားရိုင်းများစားသုံး၍
ပျက်စီးကြွေလွင့်သွားကုန်သည်။
နိုဝင်္ဘာ၊
ဒီဇင်္ဘာထဲမှာတော့ ဗမာစစ်သားများဆုတ်ခွါသွားသောသတင်းကြောင့်
ခိုးဝှက်စုဆောင်းထားသော စပါးများကို ထုထောင်းကြိတ်ခွဲကြပြီး
ဆန်ကိုလုံခြုံမည့်နေရာတွင်သိုလှောင်ဝှက်ထားကြပါသည်။
စားစရာဆန်အနည်းငယ်စုဆောင်းမိသော်လည်း ကျမတို့မှာစားစရာဆားမရှိ၊ ငပိမရှိပါ။
တောထဲမှသစ်ဥသစ်ဖု၊ တောင်ဒညင်းသီး၊ ဟင်းသီးဟင်းရွက်များရှာဖွေ၍
ဖြစ်သလိုစားသောက်ကြရပါသည်။ တနေ့တွင်ကျမတို့ တည်းခိုရာသို့ရောက်လာသော
ကရင်စစ်သားများက ပေးခဲ့သောဆားနှင့်ညနေစာလေးစားလိုက်ရသောနေ့မှာ
တော့ဒုက္ခအားလုံးကင်းဝေးသွားတဲ့အလားပါဘဲ။ ကျမတို့ရွာလေးကို
ကျမတို့ခပ်လှမ်းလှမ်းမှပြန် ပြန်၍ကြည့်နေတတ်သော်လည်း
ရွာထဲကိုတော့မပြန်ရဲပါ။ ချုံနွယ်ပင်များပေါက်ရောက်ဖုံးလွှမ်းနေသော
ပိုင်ရှင်မဲ့ရွာကအိမ်တွေကိုကြည့်ရင်း အမိုးအကာမလုံမလဲ ဆင်းရဲစွာနေ နေရသော
သားသမီးများကို မြင်ယောင်မိပြန်တော့ မျက်ရည်မဆည်နိုင်ဘဲငိုမိပါသည်။
လေး
၁၉၇၅
ကုန်၍ ၁၉၇၆ ခု ကူးခဲ့ပြီဖြစ်ပေမဲ့ ကျမတို့တောတောင်ထဲတွင်
ကြက်ငှက်ကလေးများလို ပြေးလွှားပုန်းအောင်းနေရဆဲပါ။
ရွာသားတချို့စားစရာရှာထွက်စဉ် ဗမာစစ်သားများဖမ်းမိပြီး
ရက်စက်စွာသတ်ဖြတ်ခံရတဲ့သတင်းများလည်း မကြာခဏကြားနေရသဖြင့် ကျမတို့မှာ
ဟင်းသီးဟင်းရွက်အရှာထွက်ရန်ပင်ကြောက်လန့်နေရပါသည်။
ဖေဖော်ဝါရီလတွင်းမှာတော့တိုက်ပွဲဖြစ်သံများ
ကြိုကြားကြိုကြားကြားရပြီး၊ တိုက်ပွဲဖြစ်ပြီးတိုင်းရွာသားများ
အသတ်ခံရသည့်သတင်းများ နောက်ဆက်တွဲပါလာတတ်ပါသည်။ ၁၉ရ၆ ခု၊ ဖေဖော်ဝါရီလ ၁၉
ရက်နေ့မှာတော့ ကျမတို့ရွာကိုဗမာစစ်သားများမှမီးရှို့ဖျက်ဆီးလိုက်ပါပြီ။
ကျမတို့အလွမ်းပြေ အဝေးကပြန်ပြီး
လှမ်းကြည့်နေကျပိုင်ရှင်မဲ့ရွာလေးမှာအခုတော့ ပြာပုံဖြစ်သွားပါပြီ။
ပိုင်ရှင်မဲ့ ကျန်နေခဲ့သော ကြက်ငှက်အိမ်မွေးတိရိစ္ဆာန်တချို့မှာ
အခုတော့ကျမတို့လိုဘဲ ခိုလှုံရာအသိုက်အမြုံမဲ့သွားပါပြီ။ ရင်ထဲမှာကြေကွဲရင်း
ရှင်းရှင်းလင်းလင်းသိလိုက်ရသည်က မဆလစစ်အစိုးရ၏တိုင်းရင်းသားများအပေါ်
ထားရှိသောသဘောထားအမှန်နှင့် လက်တွေ့ရက်စက်မှုများပင်။
မတ်လ
၁၇ ရက်နေ့မှာတော့ ဘ၀လက်လွှတ်ငှက်တောင်ကျွတ်သည်အလား
ကျမတို့နှလုံးကွဲကြွေမတတ် ခံစားရပြန်ပါသည်။ အသက်အန္တရယ်ကြားမှ
ရိတ်သိမ်းစုဆောင်းသိုလှောင်ထားသော ကျမတို့၏ဆန်စပါးများကို
ဗမာစစ်သားများတွေ့ရှိပြီးမီးရှို့ဖျက်ဆီးသွားပြန်ပါသည်။ မည်သည့်အညှိုး၊
အမုန်းတရားများကြောင့် ကျမတို့ဘ၀၊ ကျမတို့အိုးအိမ်၊
ကျမတို့စားနပ်ရိက္ခာများကို လူမဆန်စွာဖျက်ဆီး၍အနိုင်ကျင့်နေကြပါသနည်း။
ကျမတို့မှာဘာအပြစ်ရှိနေပါသနည်း။ သည်မြေမှာမွေး၊ သည်ဌာနေမှာကြီးပြင်းပြီး
မိမိရိုးရာဓလေ့နှင့် အေးချမ်းစွာနေနေသောကျမတို့အား ဤအရပ်မှမဟုတ်သော၊
တခြားဘာသာစကားပြောသော လက်နက်ကိုင်ဤလူများသည် ဘာကြောင့်ကျမတို့၏အေးချမ်းသော
အသိုက်အမြုံအားလာရောက် ဖျက်ဆီးကြလေသနည်း။ ကျမတို့၏သားသမီးများမေးလာသောတနေ့
မည်သို့ဖြေရလေမည်နည်း။ ဖြေသူမရှိသော အမေးများကိုရင်မှာထား၍
စကားလုံးမဲ့နေသော်လည်း အားလုံးရဲ့မျက်ဝန်းမှာတော့ ၀မ်းနည်းခြင်း၊
မခံမရပ်နိုင်ခြင်း၊ နာကျည်းခြင်းမျက်ရည်များကိုယ်စီနှင့်ပါ။
ငါး
ခိုကိုးရာမဲ့သည့်ကျမတို့ဘ၀ကိုဆက်သွယ်ကူညီလာသူကတပ်မဟာ(၂)မှတပ်မဟာမှူးဘောနီပါ။
ဧပြီလ ၂၇ ရက်နေ့တွင် ကျမတို့ ရွာသားများကိုခေါ်၍
စားသောက်ဖွယ်အချို့နှင့်ငွေကြေးအနည်းငယ် အကူအညီပေးခဲ့ပါသည်။
လက်ချည်းဗလာကျန်နေသောကျမတို့အတွက် စေတနာမေတ္တာတရားဖြင့်ပေးသည့် ဤအနည်းငယ်သော
အကူအညီမှာသိန်းသန်းမကတန်ဘိုးကြီးလှပါသည်။ ဤကျေးဇူးတရားကိုကျမတို့ယခုတိုင်
သတိရနေဆဲပါ။ တပ်မဟာမှူးက
ကျမတို့အားနယ်စပ်လုံခြုံရာသို့ပို့ပေးမည့်အကြောင်းနှင့် စရိတ်စကအတွက်
အားလုံးစီစဉ်ကူညီပေးပါသည်။
၁၉၇၆
ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့မှာ ကရင်တော်လှန်ရေးတပ်သားများက
ကျမတို့အားစောင့်ရှောက်ကူညီ၍ ဗမာစစ်တပ်၏အန္တရယ်နှင့်လွတ်ကင်းရာ
နယ်စပ်သို့လမ်းပြပို့ဆောင်ပေးခဲ့ပါသည်။ မှတ်မှတ်ရရ မေလ ၇
ရက်နေ့တွင်ကျမတို့ဖဲထနှင့်စော်ထ ကြားမှ ဖါလဲ
ခိုလှုံရာစခန်းကိုလုံခြုံစွာရောက်ရှိခဲ့ပါသည်။
အသက်ဘေးလုံခြုံရာရောက်ပြီဆိုသောအသိကြောင့် ရင်မှာပေါ့ပါးသွားသော်လည်း
မီးလောင်ပြာကျသွားသောမိခင်ကျေးရွာ၊
အကြောက်တရားဖြင့်အသက်လုပြေးခဲ့ရသောနေ့ရက်များ၊
မိုးရေထဲအိပ်မပျော်ငိုကြွေးနေသော သားသမီးငယ်တို့၏ သနားစဖွယ်မျက်နှာ၊
စားရမဲ့သောက်ရမဲ့ ဖျားနာပူဆွေးခဲ့သော နေ့ရက်များကအတွေးထဲမှာ၊ အိမ်မက်ထဲမှာ
ယနေ့ထိမြင်ယောင်ဆဲ၊ ခြောက်လှန့်နေဆဲပါ။
နိဂုံး
သူ့ဘ၀၊
သူ့အတိတ်ကိုပြန်ပြောပြနေသော ဆရာမလားစေးဝါးကူးမျက်နှာမှာ
ဝမ်းနည်းပူဆွေးမှုများ ဝေနေပါသည်။ နှစ်များကြာညောင်းခဲ့ပြီဖြစ်ပေမဲ့
ပြန်ပြောမိလေတိုင်းအတိတ်သည် မနေ့တနေ့က ဖြစ်ပျက်နေသလိုလတ်ဆတ်နေဆဲပါ။
ဖြူစင်သောနှလုံးသားများကိုမည်သူတွေအဆိပ်ခပ်နေခဲ့ကြသနည်း။
အေးချမ်းသောသူတို့ဘ၀ကိုမည်သူတွေ အပူမီးတိုက်ဖျက်ဆီးခဲ့ကြလေသနည်း။
ကရင်အပါအ၀င် တိုင်းရင်းသားလူမျိုးများ ဘ၀အတိဒုက္ခနှင့်
ဒုက္ခသည်ဘ၀ရောက်အောင်မည်သူတွန်းပို့ဖန်တည်းခဲ့သနည်း။
တိုင်းရင်းသားတို့အတွက်တော့ ဖြတ်လေးဖြတ်ဆိုသည်မှာ လက်နက်ကိုင်လူမျိုးခြားစစ်သားများမှ သူတို့အရပ်သို့ရောက်လာပြီး..
- သူတို့ဘ၀အား အေးချမ်းပျော်ရွှင်မှုနှင့် အဆက်ဖြတ်ခဲ့လေသော၊
- သူတို့၏စားနပ်ရိက္ခာအားဖျက်ဆီးဖြတ်ပစ်ခဲ့လေသော၊
- သူတို့၏ရှင်သန်မှုအတွက် လိုအပ်သောဘ၀အကူအညီအထောက်အပံ့များကို ဖြတ်တောက်ခဲ့လေသော၊
- သူတို့ကိုညှင်းပမ်းသတ်ဖြတ်လေသောစနစ် သာဖြစ်လေသည်။
အပြစ်မဲ့တိုင်းရင်းသားပြည်သူတို့၏
ရင်နင့်ဖွယ်ဘ၀အဖြစ်ဆိုးများကိုမည်သို့ဆုံးခန်းတိုင်စေမည်နည်း။
သူတို့၏စိတ်ဝေဒနာ ဒဏ်ရာဒဏ်ချက်များအားမည်သူ၊ မည်သို့ကုစားလေမည်နည်း။
ကျွန်ုပ်တို့အားလုံး အေးအတူပူအမျှနေထိုင်နိုင်မည့်
အေးချမ်းသာယာသောပြည်ထောင်စုတခုကို တည်ထောင်ရာတွင်
ဤသို့သောအဆိပ်သင့်ပန်းကလေးများ၏ဘ၀ကို ရိုးသားကြင်နာစွာ
ပြန်လည်ဖေးမအားကူပေးရန်မှာ အစိုးရနှင့်တကွ နိုင်ငံရေးပါတီများ၊
နိုင်ငံရေးသမားများ၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ အားလုံးမှာတာဝန်
ရှိပါသည်။
ဒါပေမဲ့.. လက်တွေ့မှာကား...
ရဲရဲတွေး (၁၁. ၅. ၂၀၁၂)
ရဲရဲတွေး (၁၁. ၅. ၂၀၁၂)
-------------------------------------------------------------
တီးနိုး(သဝေါတား) ၏ “ကြမ်းတမ်းသောဘ၀နေ့ရက်များ” ဖြစ်ရပ်မှန်ဆောင်းပါးများမှ ဆရာမလားစေးဝါးကူး၏ ဘ၀မှတ်တမ်းကိုအခြေခံရေးသားပါသည်။
Post a Comment