Latest Movie :
Home » » လေနီကြမ်း

လေနီကြမ်း

{[['']]}

လေနီကြမ်း

တီးနိုး (သဝေါတား)












၁၉၉၁ ခုနှစ် တခုသောနွေဦးကာလ…။
တရိပ်ရိပ်တိုးမြင့်လာတဲ့ကုန်ဈေးနှုန်းကြောင့် မိသားစုစားဝတ်နေရေးပြေလည်ဘို့အတွက် မြိတ်မြို့ကိုအလုပ်လုပ်ဘို့ ကျနော်ထွက်ခဲ့ရတယ်။ လွမ်းမောဖွယ်ရာအဲသည်နေ့ကအဖြစ်အပျက်တွေကို ကျနော်ယနေ့အထိသတိရမြင်ယောင်နေဆဲပါ။


ခြောက်နှစ်တာကာလအတွင်းတခါမှမခွါခဲ့ဖူးတဲ့မိသားစုနဲ့ ပထမဦးဆုံးအကြိမ်ခွဲရမှာမို့လားမပြောတတ်၊ ယောက်ျားတန်မဲ့ကျနော်မျက်ရည်တွေဝေခဲ့ရတယ်ဗျာ။ ကျန်းမာရေးသိပ်မကောင်းတဲ့ဇနီးသည်နဲ့ဥမမယ် စာမမြောက်သေးတဲ့သမီးငယ်ကို စိတ်အားတင်းပြီးနှုတ်ဆက်ပါလျက် ကျနော့်အသံတွေကသိသိသာသာတုန်ရီနေပါတယ်။

“နှစ်လထက်ပိုမကြာစေနဲ့နော်အကို၊ ဒီမှာကသန်းသန်းနဲ့အကို့သမီးလေးနှစ်ယောက်ဘဲကျန်နေတာ..” 

စကားကိုပင်ဆုံးအောင်မပြောနိုင်ရှာဘဲအသံတွေတိမ်ဝင်ပျောက်ကွယ်သွားတဲ့ဇနီးသည်လေးရဲ့အဖြစ်ကိုနားလည်စာနာစွာကြည့်ရင်းစိတ်မကောင်းကြီးစွာဖြစ်ခဲ့ရတယ်။

“ကိုယ်သိပါတယ်သန်းရယ်၊ အကိုလည်းဖြစ်နိုင်ရင်မိသားစုနဲ့ဘယ်ခွဲနေချင်ပါ့မလဲ” “အင်းပါ၊ ဒါတွေသန်းနားလည်ပါတယ်။ ကဲ.. သွားတော့အကို၊ ဟိုမှာအကို့အဖော်တွေ စောင့်နေကြပြီ၊ အားနာစရာကြီး”

သွားတော့လို့သာ သူကပြောလိုက်တာပါ။ တကယ်တော့ ကျနော့်ဇနီးသည်ရဲ့ပါးပြင်ပေါ်မှာလည်း အလွမ်းမျက်ရည်စကလေးတွေနဲ့ပါဗျာ။

(၂)

ဗမာပြည်တောင်ပိုင်းတနင်္သာရီတိုင်းရဲ့ ညနေဆည်းဆာပင်လယ်ကမ်းခြေရှုခင်းအလှတွေကတော့ လှချင်တိုင်းအတောမသတ်လှနေကြတော့တာပါဘဲ။ ဒါပေမဲ့အလွမ်းဓာတ်ခံရှိနေတဲ့ ကျနော့်လိုလူယောက်အဖို့ ပင်လယ် ကမ်းခြေရဲ့အလှရှုခင်းများဟာ မခိုင်ယိမ်းနွဲ့နေတဲ့ ကျနော့်ရဲ့နှလုံးသားများကိုတော့ နှိပ်စက်ကလူပြုနေသလိုပါဘဲဗျာ။


“မိသားစုစားဝတ်နေရေးအဆင်မပြေလွန်းလို့သာပါသန်းရယ်၊ မင်းနဲ့သမီးလေးဌေးဌေးကို ကိုယ်စက္ကန့်နဲ့အမျှ သတိရနေလျက်ပါကွာ..”

ညနေရီပင်လယ်ရေမျက်နှာပြင်အပေါ်မေးတင်နေတဲ့ နီဝါ၀ါနေမင်းကြီးကိုလှမ်းမျှော်ငေးမောကြည့်ရင်း ကျနော်တယောက်ထဲအသံတိတ် ရေရွတ်နေမိတယ်။ အဲဒီတုံးမှာဘဲ မမျှော်လင့်ဘဲ အမှတ် ၁၁၇ ကင်းလှည့်စစ်ရေယာဉ်ဟာ ကျနော်တို့ကုန်တင်စက်လှေလေးရဲ့နဘေးကို လျှင်မြန်စွာချဉ်းကပ်လာပြီး စစ်သားများကကျနော်တို့ရဲ့လှေကလေးအပေါ်တက်၊ စက်လှေမှာပါလာတဲ့ကုန်ပစ္စည်းများကို မွှေနှောက်ရှာဖွေတော့တာပါဘဲ။ စိတ်ကြိုက်မွှေနှောက်ရှာဖွေပြီးတဲ့နောက်မှာတော့ ဘာမှမဟုတ်တဲ့အကြောင်းပြချက်နဲ့ ငါးပိ၊ ငါးခြောက်၊ ပဲဝါခြမ်းစတဲ့ကောင်းရောင်းကောင်းဝယ်ကုန်များသာတင်ဆောင်လာတဲ့ ကျနော်တို့ရဲ့စက်လှေကလေးကို မတရားပုဒ်မတပ်ပြီးအရေးယူဖမ်းဆီးလိုက်တော့တာပါဘဲ။


(၃)



တို့မိသားစုကံမကောင်းပါဘူးသန်းသန်းရယ်၊ တကယ်လို့သာ ဒီသတင်းကိုကြားရင် မင်းတို့သားအမိနှစ်ယောက် ဘယ်လောက်များဗျာများလိုက်လေမလဲနော်။ မသိလိုက်တာဘဲကောင်းပါတယ်လေ။ လောလောဆယ်မင်းနဲ့သမီးလေး ကိုယ့်အတွက်စိတ်မပူရဘူးပေါ့နော်။ မြိတ်မြို့ရဲစခန်းမှာ ကျနော်တို့အဖွဲ့(၁၇) ရက်ကြာခဲ့တယ်။ ကျနော်တို့အမှုကိုရုံးတင်စစ်ဆေးတော့ အဖော် (၉)ယောက်ထဲက ငွေပေးနိုင်တဲ့(၆)ယောက်ကိုပြန်လွှတ်လိုက်ပြီး မပေးနိုင်တဲ့ စံသိန်းရယ်၊ ကျော်မြင့်ရယ်၊ ကျနော်ရယ်သုံးယောက်ကိုတော့အပြစ်ရှိတယ်ဆိုပြီး အလုပ်ကြမ်းနဲ့ထောင်ဒဏ် (၅)နှစ်စီ ချလိုက်တော့တာပါဘဲဗျာ။ ကျန်းမာရေးမကောင်းတဲ့ဇနီးသည်သန်းသန်းနဲ့ သမီးလေးရဲ့သနားစရာမျက်နှာလေးတွေကိုမြင်ယောင်ပြီး သိပ်စိတ်မကောင်းဖြစ်ရတာကလွဲလို့ ကျနော်ဒီထက်ပိုပြီးဘာများလုပ်နိုင်တော့မလဲဗျာ။


(၄)

ထောင်ဒဏ်(၅)နှစ်အတွင်း မြိတ်မြို့အကျဉ်းထောင်ကနေ (၆.၃.၉၆) ရက်နေ့မှာ ကျနော့်ကို ယင်းငြိမ်ရဲဘက်ကျောက်စခန်းကို ပို့လိုက်တယ်။ အဲဒီယင်းငြိမ်ရဲဘက်ကျောက်စခန်းမှာဘဲ ကျနော့်ရဲ့ညာဖက်ခြေထောက်တဖက်ဟာ လမ်းမလျှောက်နိုင်တော့ဘဲ ချိသွားခဲ့ရတယ်။ ထောင်ဝါဒါများရဲ့စိတ်မထင်ရင်မထင်သလို မဆင်မခြင်ရိုက်နှက်မှုတွေကြောင့်ပါ။ ယင်းငြိမ်ရဲဘက်ကျောက်စခန်းမှာ (၅)လတာအလုပ်ကြမ်းလုပ်ခဲ့ရပြီး၊ အဲဒီကနေတဆင့် (၅.၇.၉၆) ရက်နေ့မှာကျနော့်ကိုကရင်ပြည်နယ် ဘားအံဝန်ဆောင်သို့ပို့လိုက်ပြန်တယ်။ ဘားအံရောက်ပြီးသုံးပတ်အကြာမှာ တပ်မ (၃၃) ခလရ (၁၂၀) တပ်ရင်းနဲ့အတူ ကရင့်တော်လှန်ရေးနယ်မြေတပ်မဟာ (၇)ဘက်ကိုပေါ်တာထမ်းဖို့ဆိုပြီး ကျနော့်ကိုခေါ်သွားပြန်ရောဗျာ။ ခြေထောက်ကမသန်၊ ထမ်းရတဲ့ဝန်ကလည်းအားနဲ့မျှဆိုတော့ ပေလေးထောင်ကျော်မြင့်တဲ့ဒေါနတောင်တန်းခရီးကြမ်းတလျှောက် လမ်းမှာကျနော်ခဏခဏလဲကျလို့စိတ်မရှည်တဲ့ (သူတို့ကိုယ်သူတို့ ပြည်သူကိုချစ်တဲ့ပြည်သူ့တပ်မတော်သားလို့ဆိုတဲ့) ဗမာစစ်သားတွေကကျနော့်ကို မကြားဝံ့၊ မနာသာတဲ့စကားလုံးတွေနဲ့ တချိန်လုံးဆဲဆိုတော့တယ်။ နာကျင်မှုဒဏ်ရာတွေကရိုးတွင်းချဉ်ဆီအထိပါဘဲဗျာ။ ဒီလိုနဲ့တောထဲတောင်ထဲမှာ သုံးပတ်တိတိပင်ပင်ပန်းပန်းပေါ်တာထမ်းရင်း အရေးထဲအရာပေါ်ဆိုသလို တောင်ပေါ်ငှက်ဖျားတက်ပါလေရောဗျာ.. ကဲ။


ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာဆိုတာ ငါ့ကိုများရည်ညွှန်းပြီးဖြစ်လာတဲ့စကားပုံများလားလို့တောင်တခါတခါ မချင့်မရဲစဉ်းစားရင်း အစိုးရအပေါ်နာကျည်းတဲ့စိတ်ရိုင်းများကလှိုင်းထလာရပြန်တယ်။ ဆေးမှူးဆီဆေးသွားတောင်းသောက်ပြန်တော့..

“မင်းတို့အတွက်ဆေးအပိုတွေမပါဘူးကွ၊ မင်းတို့ကိုဒေါက်တာပေါက်တူးကကုပေးလိမ့်မယ်” 

လို့ကြိမ်းမောင်းလွှတ်လိုက်တာဘဲရှိတယ်။ မေတ္တာတရားခေါင်းပါးမှုတွေကြောင့်နောက်ဆုံးတော့..

“မထူးဘူးကွာ၊ ဒီမှာဆက်နေရင်လဲသေမဲ့အတူတူ စွန့်စားပြီးတော့ပြေးတာကမှကောင်းဦးမယ်” ဆုံးဖြတ်ချက်နဲ့အတူ တနေ့မှာတော့ကျနော်တို့စစ်ကြောင်းတောင်ပေါ်ကရင်ရွာငယ်လေးတရွာအရောက်၊ ရွာထဲမှာခေတ္တ၀င်နားနေတုံး အခွင့်ကောင်းယူပြီး ကောက်ရိုးပုံဟောင်းတခုအောက်မှာ တနေကုန်ဝင်ပုန်းနေလိုက်တယ်။

ညနေပိုင်းစစ်ကြောင်းတွေထွက်သွားကုန်တော့မှ ကောက်ရိုးပုံအောက်ကပြန်ထွက်လာတယ်။ ကရင်ရွာလူကြီးကိုရှင်းပြအကူအညီတောင်းတော့ စေတနာနဲ့ကျနော့်ကိုကူညီကြတယ်။ ကရင်ရွာသားများရဲ့အကူအညီကြောင့် ကေအဲန်ယူတပ်မဟာ(၇) တပ်ရင်း (၂၂) တပ်ခွဲမှူးဗိုလ်ကြီးစောခိုင်တို့ တပ်ခွဲဆီနွေးထွေးစွာကျနော်ရောက်လာခဲ့ပါတယ်။ ဗိုလ်ကြီးစောခိုင်တို့ရဲ့တပ်ခွဲကိုရောက်မှဘဲ ဆေးဝါးလုံလုံလောက်လောက်နဲ့ ကုသစောင့်ရှောက်ပေးမှုကြောင့် ဆယ်ရက်အတွင်း ကျနော်ထူထူထောင်ထောင်ပြန်ဖြစ်လာခဲ့ရတယ်။


(၅)

“ကျနော့်ဇာတ်လမ်းလေးကတော့ ဒါပါဘဲဗိုလ်ကြီးစောခိုင်ရယ်”

“အေးဗျာ၊ ခင်ဗျားအကြောင်းကြားရတာစိတ်မချမ်းသာစရာဘဲ။ ဒါနဲ့.. အခုကိုဝင်းမြင့်ရဲ့ဇနီးနဲ့သမီးလေးရော ဘယ်လိုနေထိုင်လို့ ဘယ်လိုများလုပ်ကိုင်စားသောက်နေတယ်ဆိုတာကိုရော..”

“ကျနော်လည်းဒီမေးခွန်းရဲ့အဖြေကိုဘဲ သိချင်နေတာပါ။ ကျနော်အိမ်ကစထွက်လာကတည်းက အခုထိဆိုရင် ငါးနှစ်တောင်ကျော်ခဲ့ပါပြီ။ ဒီကာလတလျှောက်လုံး အိမ်နဲ့လုံးဝကြီးကိုအဆက်အသွယ်ပြတ်သွားတော့တာပါဘဲဗျာ”

“ကျနော်ခင်ဗျားအပေါ်ကိုယ်ချင်းစာပါတယ်။ အခုကိုဝင်းမြင့်တို့မိသားစုတွေ့ကြုံခံစားရသလို ကျနော်တို့တိုင်းပြည်ရဲ့ တနံတလျား မှာရှိတဲ့ ပြည်သူလူထုတချို့တွေလည်း ဒီလိုလူမှုဒုက္ခမျိုးတွေကို ခါးသီးစွာခံစားနေကြရတာ ကမ္ဘာ့လူထုတွေအသိပါဘဲ။ ဒီစစ်အစိုးရအုပ်ချုပ်နေသရွေ့ကတော့ ကျနော်တို့ပြည်သူလူထုတွေ ဒီလိုဒုက္ခ၀ဲသြဃထဲကနေ ဘယ်တော့မှလွတ်မြောက်နိုင် ကြတော့မှာမဟုတ်ဘူးကိုဝင်းမြင့်ရေ။ ဒီအာဏာရှင်စစ်အစိုးရ မင်းဆိုးမင်းညစ်တွေ ပြုတ် သွားပါမှဘဲ ပြည်သူလူထုတွေ ကြုံတွေ့ခံစားနေရတဲ့ ဒုက္ခဆင်းရဲခြင်းအမျိုးမျိုးက လွတ်ကင်းနိုင်ကြတော့မှာပါ”
“ဗိုလ်ကြီးတို့ရဲ့ကျေးဇူးကျနော့်အပေါ်ကြီးမားလွန်းတယ်ဗျာ။ ခုလိုသာဗိုလ်ကြီးတို့ဆီကိုရောက်မလာဘူးဆိုရင်၊ ခုလောက်ဆိုသူတို့ဆေးမှူးတွေပြောသလို ဒေါက်တာပေါက်တူးလည်း ကျနော့်ကိုဆေးကုပေးလောက်ပြီပေါ့။ ခုတော့ဗိုလ်ကြီးတို့ကကျနော့်ကို ဆယ်ရက်ကျော်ကျော်စေတနာအပြည့်နဲ့  ဆေးကုပေးလို့သာ ပြန်လည်နေကောင်ထူထောင်ခဲ့ရတာပါ။ ကရင့်တော်လှန်ရေးသမားတွေရဲ့ မေတ္တာကျေးဇူးတရားတွေကို ကျနော်တသက်မမေ့ပါဘူးဗျာ”
“ဒါတွေကအကြောင်းမဟုတ်ပါဘူး။ တိုင်းရင်းသားအချင်းချင်းယိုင်းပင်းကူညီရမှာ၊ ဒုက္ခရောက်နေတဲ့လူသားတိုင်းကိုကူညီရမှာဆိုတာဟာ လူသားတိုင်းရဲ့တာဝန်တွေပါ။ ကဲ.. ကိုဝင်းမြင့်ရေ ကျနော်တို့စကားကောင်းနေလို့ကတော့မပြီးသေးဘူး။ မနေ့က ကျနော်မှာထားတဲ့ ကိုဝင်းမြင့်ကိုပြန်ပို့ပေးမယ့် လမ်းပြလည်းရောက်လာပြီ။ သူက ကိုဝင်းမြင့်ကို ဒီကနေကွမ်းဘီရွာလို့ခေါ်တဲ့ ကရင်ရွာအထိပြန်ပို့ပေးမယ်။
ကွမ်ဘီကိုရောက်ရင် မြင်းလှည်းစီးပြီးလှိုင်းဘွဲမြို့ကိုဆက်သွားရမယ်။ လှိုင်းဘွဲမြို့ကိုရောက်ရင်တော့ ခင်ဗျားဖာသာကားရှာစီးပြီး ဘားအံမြို့ကိုသွား၊ ဘားအံကနေတဆင့် ခင်ဗျားဇာတိမုံရွာကိုဆက်ပြန်ပေတော့။
 မသန်းသန်းနဲ့ သမီးလေးဌေးဌေးကို ကျန်းကျန်းမာမာနဲ့ ပြန်တွေ့နိုင်ပါစေလို့ ကျနော်ဆုတောင်းပေးလိုက်ပါ့မယ်။ ကဲ.. သွားပေတော့ ကိုဝင်းမြင့်ရေ..”

(၆)
 တောင်ပေါ်ကရင်တိုင်းရင်းသားလမ်းပြနောက်ကိုလိုက်လာရင်း ခရီးအတော်လေးရောက်တော့မှ လာရာလမ်းရဲ့အနောက်ဘက်ကို ကျနော်ပြန်ပြီးလှမ်းမျှော်ကြည့်လိုက်မိတယ်။ တိုင်းရင်းသားကရင်လူးမျိုးများရဲ့ဌာနေ၊ အရှေ့ရိုးမခေါ် ပြာနှမ်းနှမ်းဒေါနတောင်တန်းကြီးကတော့ကျနော့်ရဲ့အနောက်ဘက် ဟိုး.. အဝေးကြီးတနေရာဆီမှာ လွမ်းမောဖွယ်ရာကျန်ရစ်ခဲ့ရှာပြီလေ။
“ကရင်တိုင်းရင်းသားများအားလုံး ကျန်းမာချမ်းသာကြပါစေ။ ၄င်းတို့ဆင်နွှဲနေတဲ့ ကရင့်တော်လှန်ရေးကြီးလည်း အမြန်ဆုံးအောင်မြင်နိုင်ပါစေ။ စိန္ဒေမြတ်ဘုရားရှေ့မှာ ကျနော်အမြဲဆုတောင်းပေးနေပါ့မယ်ဗျာ..” “ကျနော့်နှလုံးသားရဲ့နက်ရှိုင်းလှတဲ့ရင်တွင်းတနေရာဆီက လေးလေးနက်နက်ဆုတောင်းပေးလိုက်တဲ့ ဆုတောင်းသံကိုတော့ဖြင့် ကရင့်တော်လှန်ရေးသမား ဗိုလ်ကြီးစောခိုင်တယောက်ကြားနိုင်မှာ မဟုတ်တော့ပါ..။

တီးနိုး (သဝေါတား)
Share this article :

Post a Comment

Contact online

တပ်မဟာ(၅)-တပ်ရင်း(၁၀၂) သတင်း
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. KNLAဘလောက် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger